စစ်ကိုင်းတိုင်းကြံ့ခိုင်ရေးပါတီ အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ ပြုလုပ်
DVB
·
November 28, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ အမျိုးသမီးညီလာခံ အကြို နှီးနှောဖလှယ်ပွဲကို နိုဝင်ဘာလ ၂၈ ရက်နေ့က မုံရွာမြို့၊ မြို့တော်ခန်းမမှာ ပြုလုပ်ပါတယ်။
အခမ်းအနားမှာ အမျိုးသမီး ကိုယ်စားလှယ်တွေက အုပ်စု (၄)စုခွဲကာ မြန်မာ အမျိုးသမီးများနှင့် မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍမြင့်တင်ရေး၊ မြန်မာအမျိုးသမီးများ၏ ဘဝလုံခြုံမှု၊ ငြိမ်းချမ်းသာယာမှုနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတတ်ရေး၊ အမျိုးသမီးထုအတွင်း အမျိုးဂုဏ်၊ ဇာတိဂုဏ် ထိန်းသိမ်းရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင်အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ အမျိုးသမီးပါတီဝင်အသစ်တွေစုဆောင်းရေးနဲ့ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီဝင်အမျိုးသမီးတွေကို စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ပေးရေး စတဲ့ စာတမ်းတွေကို ဆွေးနွေးအကြံပြုခဲ့ကြပါတယ်။
ဒီအခမ်းအနားကို ပါတီဗဟိုအတိုင်ပင်ခံ ဦးသာအေး၊ ဗဟိုအလုပ်မှုဆောင်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး တာဝန်ခံဦးမြင့်စိုး၊ စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊ အမျိုးသမီး ဥက္ကဋ္ဌ ဒေါ်သိင်္ဂီဝင်းရွှေနှင့် ဗဟိုအမျိုးသမီးညီလာခံကိုယ်စားလှယ်တွေ၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ ခရိုင်တွေက အမျိုးသမီးကိုယ်စားလှယ်တွေစုစုပေါင်း ၁၀၀၀ ဦးခန့်တက်ရောက်ခဲ့ပါတယ်။