မကွေးမြို့မှ အမျိုးသမီးတဦးအား တရုတ်ဇနီးအဖြစ် ရောင်းစားသူ ၂ ဦးကို ဖမ်းဆီးအမှုဖွင့်
DVB
·
November 24, 2018
မကွေးမြို့ အောင်မေတ္တာ ရပ်ကွက်က အမျိုးသမီးငယ်တဦး တရုတ်နိုင်ငံမှာ ရောင်းစားမှုနဲ့ ပတ်သက်ပြီး လင်မယား ၂ ဦးကို မကွေးနယ်မြေရဲစခန်းမှာ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။
မကွေးမြို့ အောင်မေတ္တာရပ်ကွက်က အမျိုးသမီးငယ်တစ်ဦး တရုတ်နိုင်ငံမှာ ရောင်းစားခံထားရတယ်လို့ နိုဝင်ဘာ ၂၁ ရက်ညနေက MJA မကွေးကို လာရောက် အကူညီတောင်းခံလို့ လူကုန်းကူးမှုတားစီးကာကွယ်ရေးတပ်ဖွဲ့နဲ့ ချိတ်ဆက်ကာ မကွေးနယ်မြေရဲစခန်းမှာ အမှုဖွင့်ခဲ့တာပါ။
မိခင်ဖြစ်သူ ဒေါ်ပိုပိုက "လွန်ခဲ့တဲ့ ၅ လလောက်က အလုပ်လုပ်မယ်ဆိုပြီး သမီး နေအိမ်က ထွက်သွားတာပါ။ တပတ်လောက်ကြာတော့ မျိုးဇော်ကိုနဲ့ ရေလှိုင်းတို့ လင်မယားရောက်လာပြီး ငွေ ၂၈ သိန်းပေးပြီး ဗွီဒီယိုမှတ်တမ်းယူသွားပါတယ်။ အစကတော့ စက်ရုံတရုံမှာ အလုပ်ဝင်နေတယ်လို့ သိခဲ့တာ။ နောက်ပိုင်းမှာ ဖုန်းနဲ့ဆက်သွယ်ကာ တရုတ်ယောကျာ်းကိုယူပြီး ကလေးတစယောက်မွေးမှ မြန်မာပြည်ပြန်လာရမှာလို့ ငိုယိုပြီးပြောတယ်။ မျိုးဇော်ကိုနဲ့ ရေလှိုင်းက တရုတ်ပြည်မှာ အပြတ်ရောင်းခဲ့တာလို့ သိရတဲ့အတွက် သက်ဆိုင်ရာကို တိုင်ကြားခဲ့တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
မကွေးနယ်မြေရဲစခန်းမှ အမှုစစ် ဒုရဲအုပ်မျိုးကိုကိုစိမ်းက "တရုတ်မှာရှိတဲ့ လူကုန်ကူးခံရတဲ့ကောင်မလေးက အမေကို ဖုန်းဆက်ပြီး အကူညီတောင်းတာကို အသံဖမ်းပြီး အမှတ်(၂)လူကုန်ကူးမှုတားဆီးကာကွယ်ရေးတပ်ဖွဲ့ကိုသွားတိုင်လို့ ဒုရဲအုပ်ထက်ပိုင်က ရဲစခန်းမှာ အမှုလာဖွင့်တာပါ။ နိုးနိုးဆိုတဲ့ မျိုးသမီးက မိုးမိုး၊ရေလှိုင်းနဲ့ မျိုးဇော်ကို မန္တလေးထိလာခေါ်ပြီး မူဆယ်ကနေ ၇ ရက်ဗီဇာနဲ့ အကျဲဆိုတဲ့ ပွဲစားမကထပ်လာခေါ်ပြီး တရုတ်ယွမ်ငွေ သုံးသောင်းနဲ့ ရောင်းစားခဲ့တယ်လို့ စစ်ဆေးချက်တွေအရ သိရတယ်” လို့ ဆိုပါတယ်။
ဖြစ်စဉ်နဲ့ပတ်သတ်လို့ မျိုးဇော်ကိုနဲ့၊ ရေလှိုင်းတို နှစ်ဦးကို မကွေးနယ်မြေရဲစခန်းမှာ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ နဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။
မကွေးက လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့နဲ့ တရုတ်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့တို ချိတ်ဆက်ပြီး ကောင်မလေးကို နေရပ်ပြန်ခေါ်နိုင်ဖို့ ကြိုးစားနေတယ်လို့ မကွေးနယ်မြေရဲစခန်းက သိရပါတယ်။