တောင်ကြီး-မိတ္ထီလာ ကားလမ်းတွင် နွားမှောင်ခိုကူးသူ ၆ ဦးဖမ်းမိ
DVB
·
November 22, 2018
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ယင်းမာပင်ရွာအနီး တောင်ကြီး-မိတ္ထီလာ ကားလမ်းမှာ အထောက်အထားမဲ့ မှောင်ခိုနွား ၂၂ ကောင်ကို မှောင်ခိုကူးသူ ၆ ဦးနဲ့အတူ နိုဝင်ဘာ ၂၀ ရက်ညက ဖမ်းမိတယ်လို့ ယင်းမာပင်နယ်မြေ ရဲစခန်းက သိရပါတယ်။
နွာထီး ၂၂ ကောင် အထောက်အထားမဲ့ ဖမ်းမိတာဖြစ်ပြီး နွားပိုင်ရှင် ၆ ဦးကို အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေ ပုဒ်မ (၅) အရ အမှုဖွင့်ထားတယ်လို့ ယင်းမာပင်နယ်မြေ ရဲစခန်းမှ ဒုရဲအုပ်ရန်သိန်းက ပြောပါတယ်။
တောင်ကြီးဘက်ကို မောင်းလာတဲ့ ခြောက်ဘီး NISSAN CONDOR ကားနဲ့ တင်ဆောင်လာတာဖြစ်ပြီး သာစည်မြို့နယ်၊ မုံပင်ဆုံရွာနေသူ ယာဉ်မောင်း ကိုကြည်ဆောင်ပါ ၆ ယောက်က အထောက်အထားမဲ့ မှောင်ခိုနွားတွေကို သယ်ဆောင်လာတာလို့ ဆိုပါတယ်။
သူတို့ကို စွဲဆိုထားတဲ့ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေဟာ ထောင်ဒဏ် ၃ နှစ်နဲ့ ငွေဒဏ် ၅ သိန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။
သတင်း-မောင်မောင်လင်း