ကလေးမြို့ နည်းပညာတက္ကသိုလ်ကျောင်းသားများ နေစွမ်းအင်သုံး မော်တော်ကား တီထွင်
DVB
·
November 21, 2018
ကလေးမြို့၊ အစိုးရနည်းပညာကောလိပ်ကနေ တက္ကသိုလ်အဆင့် ကူးပြောင်းခဲ့တဲ့ သက်တမ်း ၂၀ အတွင်း နေရောင်စွမ်းအင်သုံး မော်တော်ကားငယ်တစီးကို နောက်ဆုံးနှစ် ကျောင်းသားတွေက တီထွင်ဖန်တီးခဲ့ကြပါတယ်။
နောက်ဆုံးနှစ် နည်းပညာကျောင်းသား၊ ကျောင်းသူတွေ တီထွင်လိုက်တဲ့ နေရောင်ခြည်သုံး မော်တော်ကားငယ်ဟာ ဆိုလာစနစ်အပြင် လျှပ်စစ်ဓာတ်အားသွင်းပြီးလည်း အသုံးပြုနိုင်ကာ တည်ဆောက်ကာလ နှစ်လအတွင်း ပြုလုပ်ခဲ့ကြတာလို့ အီလစ်ထရောနစ် နည်းပညာ ကထိက ဌာနမှူး ဒေါ်နိုင်က ပြောပါတယ်။
နေရောင်ခြည်စွမ်းအင်သုံး ဆိုလာကားကို နောက်ဆုံးနှစ် ကျမ်းပြုကျောင်းသား ၆ ယောက်နဲ့ ကျောင်းသူ ၄ ယောက်ပါတဲ့ အစုအဖွဲ့က ကြိုးစားဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။
ဆိုလာကားပြုလုပ်ရာမှာ ပါဝင်တဲ့ နောက်ဆုံးနှစ်ကျောင်းသား ကိုဇော်မင်းသူက “ဒီလို ကျောင်းသားတွေရဲ့ တီထွင်မှုနဲ့ ဖြစ်ပေါ်လာတဲ့ နေရောင်ခြည်စွမ်းအင်သုံး မော်တော်ကားကို အများအပြား ထုတ်လုပ်နိုင်ဖို့ ပြည်သူလူထု အသုံးပြုနိုင်ဖို့ အစိုးရက အသိအမှတ်ပြု လိုင်စင်တွေ ပြုလုပ်ပေးဖို့ လိုတယ်” လို့ ပြောပါတယ်။
နည်းပညာတက္ကသိုလ် ကျောင်းသားတွေ ဖန်တီးလိုက်တဲ့ ဆိုလာကားဟာ တနာရီကို မိုင် ၆၀ ထိ မောင်းနှင်လို့ရပြီး မော်တော်ကား အလေးချိန်က ၃၀၀ ကီလိုဂရမ်လေးကာ လူ ၅ ယောက် လိုက်ပါစီးနင်းနိုင်ပါတယ်။
မင်းရဲစစ်နိုင်