စစ်ကိုင်းတိုင်းလွှတ်တော် ဥက္ကဋ္ဌ၏ ဖေ့စ်ဘွတ်ခ်အကောင့် ဟက်သူကို ဖော်ထုတ်အရေးယူမည်
DVB
·
November 9, 2018
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသန်းရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်အကောင့် ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်က အဟက်ခံရပြီး ပရိုဖိုင်းပုံကို အမျိုးသမီးငယ်တဦးရဲ့ ပုံတင်သွားတဲ့ ဖြစ်ရပ်နဲ့ ကြုံခဲ့ရပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ် အရေးယူသွားမယ်လို့ စစ်ကိုင်းတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက ပြောပါတယ်။
"အခုတော့ အကောင့်ကို ပိတ်လိုက်ပါပြီ။ ပိတ်ပြီးတော့ ဘယ်သူလုပ်တာလဲ ဆိုတာကတော့ စုံစမ်းရမှာပေါ့။ ဒါဟာ တယောက်ယောက်ကတော့ ရည်ရွယ်ချက်နဲ့လုပ်တာလို့ ယူဆပါတယ်။"
ဟက်ကာကို ဖော်ထုတ်ပေးဖို့ သက်ဆိုင်ရာကို တင်ပြထားပြီး ဖော်ထုတ်ပေးနိုင်ပါက တရားဥပဒေအရ အရေးယူသွားမယ်လို့ စစ်ကိုင်းတိုင်းလွှတ်တော်ရုံး ဦးစီးအရာရှိ ဦးထက်ဦးမောင်က ပြောပါတယ်။
အခုနှစ်ထဲမှာ စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌ အပါအဝင် တိုင်းလွှတ်တော်အမတ် ဦးဝင်းရွှေနဲ့ တိုင်းအစိုးရအဖွဲ့ဝင်တချို့ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်တွေ အဟက်ခံရပြီး ငွေချေးတာ၊ ဖုန်းဘေလ်ဖြည့်ခိုင်းတာအပြင် ဂုဏ်သိက္ခာ ညှိုးနွမ်းစေမယ့် ကိစ္စတွေနဲ့လည်း ကြုံတွေ့ခဲ့ရတယ်လို့ တိုင်းအစိုးရ အဖွဲ့ဝင်တွေဆီက သိရပါတယ်။
မင်းရဲစစ်နိုင်