ဒေသခံ ၁ ဦးအား လက်သီးဖြင့်ထိုးမှုဖြင့် အုပ်ချုပ်ရေးမှူးကို ရဲစခန်းတွင် အမှုဖွင့်
DVB
·
November 5, 2018
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာ အုပ်ချုပ်ရေးမှူးက လက်သီးနဲ့ ထိုးခဲ့တယ်ဆိုပြီး ဒေသခံရွာသားတဦးက ပဖဲ၊ ပဒါန်းနယ်မြေစခန်းမှာ မနေ့ ညနေ ၆ နာရီခွဲက တိုင်တန်းခဲ့တယ်လို့ နယ်မြေရဲစခန်းက သိရပါတယ်။
တိုင်တန်းသူ ငဖဲမြို့နယ် ရင်ရှည်ကျေးရွာနေ ဦးမြသိန်းဟာ အောက်တိုဘာ ၂၉ ညနေက ကျေးရွာမီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးပေါက် အစည်းဝေးလုပ်နေတုန်း ဖုန်းနဲ့အသံဖမ်းခဲ့လို့ စကားများရာကနေ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရောက်လာပြီး လက်ထဲကဖုန်းကို ပုတ်ချကာ ညစ်ညမ်းစွာ ဆဲဆို၊လက်သီးနဲ့ထိုး လည်ပင်းညှစ်ခဲ့တယ်လို့ တိုင်တန်းစာမှာ ပါရှိပါတယ်။
ပဒါန်းကျေးရွာ မီးလင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးပေါက်က “သူက ထရန်စဖော်မာကို လာပြီး မီးပိတ်ခိုင်တယ်။ မီးကြိုးတပ်ဆင်ဖို့တဲ့။ အဲလိုကိစ္စက ကြိုပြောရတာ။ ပိတ်ချင်တိုင်းပိတ်ရင် မဖြစ်ဘူး။ ပြောနေရင်း စကားများတယ်။ သူက အသံဖမ်းတယ် အဲဒါနဲ့ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားခဲ့တာပါ၊ သူကကျေးရွာမီးလင်းရေးမှာလည်း ဘာတာဝန်မှ မရှိပါဘူး´လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေမှူးကို ပဒါန်းနယ်မြေရဲစခန်းမှာ (ပ)၁၅/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၄/၃၂၃ နဲ့ နိုဝင်ဘာ ၄ ရက် ညနေ ၆ နာရီခွဲက အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
ပဒါန်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးမြတ်မင်း(ခ)ဦးပေးမိုးကတော့ “ကျေးရွာမီးလင်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးပေါက်က သူတို့ပြဿနာဖြစ်နေတယ် ခေါ်လို့သွားတာ၊ အဲဒါကို သူက အသံဖမ်းနေတဲ့ ဖုန်းနဲ့ မျက်နှာရှေ့လာပြီး ထိုးလာလို့ ပုတ်ချလိုက်တာပဲ ရှိတယ်။ သူက အခုလို လုပ်တော့ ကျနော့်ဘက်ကလည်း တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ ပြန်လည်စွဲဆိုသွားမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ကိုလင်း(ချောက်)