ပြန်ဝင်လာမည့်သူများအား မောင်တောတောင်ပိုင်းတွင် နေရာချမပေးရန် ဆန္ဒပြ
DVB
·
November 5, 2018
နေရပ်စွန့်ခွာသွားသူတွေကို ပြန်လည်လက်ခံရာမှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့ နယ်တောင်ပိုင်းမှာရှိတဲ့ ဘင်္ဂလီကျေးရွာတွေမှာ နေရာပြန်လည်မချပေးဖို့ မြို့နယ် ၃မြို့နယ်ရှိ ဒေသခံပြည်သူတွေက ဆန္ဒပြတောင်းဆိုပါတယ်။
ခုလထဲ ပြည်လည်ဝင်ရောက်လာမယ့် ဘင်္ဂါလီတွေကို ကျေးရွာတွေမှာ နေရာပြန်လည် ချပေးမယ်ဆိုရင် အကြမ်းဖက်မှုတွေ ရှိလာနိုင်လို့ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် သုံးမြို့နယ်က ဒေသခံတွေက စိုးရိမ်မှုတွေရှိတယ်ဆိုပြီး ဆန္ဒထုတ်ဖော်ခဲ့တာလို့ ရခိုင်အမျိုးသား ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုံးမောင်ကပြောပါတယ်။
နိုဝင်ဘာ ၄ ရက်က ဆန္ဒထုတ်ဖော်တဲ့ ဒေသခံပြည်သူ အယောက် ၂၀၀၀ ကျော်ဟာ မောင်တောမြို့၊ မြို့မကျောင်ကနေ စတင်ထွက်ခွာပြီး မင်းဘာကြီးလမ်းအတိုင်း ချီတက်လာကာ ဦးဥတ္တမ လမ်းအတိုင်း မြို့ကိုပတ်ကာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြတာပါ။
မောင်တောမြို့နယ်တောင်ပိုင်းက ကျေးရွာတွေမှာ ဘင်္ဂါလီတွေကို နေရာမချထားဖို့ကို ပြည်ထောင်စုလွှတ်တော်မှာလည်း ၂၀၁၈ ဖေဖော်ဝါရီ ၇ ရက်ကတည်းက အဆို တင်သွင်းခဲ့ပါတယ်။
အဲဒီအဆိုကိုတော့ လွှတ်တော်ကိုယ်စားလှယ် ၁၇ ယောက်က ဆွေးနွေးခဲ့ပြီး ထောက်ခံမဲ ၆၇ မဲ၊ ကန့်ကွက်မဲ ၃၀၄ မဲ၊ ကြားနေမဲ ၁ မဲနဲ့ အဆို ရှုံးနိမ့်ခဲ့ပါတယ်။
မောင်တောတောင်ပိုင်းက ကျေးရွာတွေမှာ ဘင်္ဂါလီတွေကို နေရာမချထားဖို့ အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်မှာ ၂၀၁၈ ဧပြီ ၆ ရက်က တင်သွင်းခဲ့ရာမှာတော့ အနိုင်ရရှိထားပါတယ်။
သတင်း-ဗညား- သူဇာလင်း