မင်းဘူး မဲရုံများတွင် နေ့လယ်ပိုင်းအထိ ၃၂ ရာခိုင်နှုန်းကျော် မဲပေးပြီးဖြစ်
DVB
·
November 3, 2018
မင်းဘူး (စကု) မြို့နယ် မဲရုံတွေမှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲလာပေးသူ နေ့လယ်ပိုင်းအထိ ၃၂ ရာခိုင်နှုန်းကျော် ရှိပြီလို့ ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမြင့်ကျော်ကပြောပါတယ်။
"လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ပြည်တွင်ပြည်ပ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေအပြင် မီဒီယာသမားတွေကိုလည်း စောင့်ကြည့်ကြဖို့ ကော်မရှင်က ခွင့်ပြုထားပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။
မင်းဘူးမြို့ အမှတ် ၃ ရပ်ကွက်က မညိုညိုမြင့်က "မိမိတို့ ဒေသအကျိုးကို ဆောင်ရွက်မယ့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာကို ကိုယ်တိုင် ရွေးချယ်တင်မြှောက်ခွင့်ရတဲ့အတွက် ကျေနပ်မိပါတယ်။ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်အနေနဲ့လည်း ပြည်သူကို ကတိပေးထားတဲ့ အတိုင်း ဒေသအတွက် လုပ်ဆောင်ပေးဖို့ မျှော်လင့်တယ်" လို့ ဆိုပါတယ်။
မင်းဘူး (စကု) မြို့နယ်မှာ မဲ ရုံပေါင်း ၉၆ ရုံ၊ မဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင် ၆သောင်း ရှစ်ထောင်ကျော်ရှိပါတယ်။
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂ ဦး၊ စုစုပေါင်း ၅ ဦး ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
သတင်း-မင်းထီး