ဆိပ်ကမ်းမြို့နယ် မဲရုံ ၂ တွင် မဲလာပေးသူတဦးကို မေးမြန်းချက်
DVB
·
November 3, 2018
တာမွေနဲ့ ဆိပ်ကမ်း နှစ်မြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာတွေအတွက် မဲပေးနေကြတာဖြစ်ပြီး တာမွေမှာ သမ္မတဦးဝင်းမြင့်ကိုယ်တိုင် မဲပေးမှာ ဖြစ်ပါတယ်။ ဆိပ်ကမ်းမြို့နယ်မှာ မနက်အစောပိုင်းကတည်းက မဲပေးမယ့်သူတွေက မဲပေးဖို့ တန်းစီနေကြတာဖြစ်ပြိး မဲလာပေးတဲ့ အမျိုးသမီးတဦးကို ဒီဗွီဘီသတင်းထောက် အာကာက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ အခုကြားဖြတ်ရွေးကောက်ပွဲကို အစ်မ စိတ်ထဲမှာ ဘယ်လိုရှိလဲ။
ဖြေ။ ဒါလည်း သူ့နေရာနဲ့သူ အရေးကြီးတာပဲ။ ဒီဟာ ဟိုဒင်းဖြစ်မှ ၂၀၂၀ ကျရင် ကိုယ်လိုချင်တဲ့အရာတွေ ပြည့်စုံမှာလေ။ အဲလိုမျိုး ခံယူချက်ထားတာပေါ့နော်။
မေး။ အခု မဲပေးလိုက်တဲ့ ကိုယ်စားလှယ်အပေါ်မှာရော ဘယ်လောက် ယုံကြည် မျှော်လင့်လဲ။
ဖြေ။ ကိုယ်ကတော့ ယုံကြည်ပါတယ်။ ကိုယ်တွေအတွက် မဖြစ်ရင်တောင်မှ လာမယ့် ကလေးလေးတွေ အတွက်၊ အနာဂတ်အတွက် မျှော်လင့်တယ်။
မေး။ အခု မဲပေးရတာကရော ၂၀၁၅ နဲ့ ဘာကွာခြားလဲ။ အခုမဲပေးရတာ လွတ်လပ်လား။
ဖြေ။ ၂၀၁၅ တုန်းကတော့ မှတ်ပုံတင်တွေ ဘာတွေ မယူရဘူးပေါ့။ အခုကတော့ မှတ်ပုံတင်ယူရတယ်။
မေး။ အစ်မ အခု ဘယ်သူ့ကို မဲပေးလိုက်တယ်ဆိုတာတော့ ပြောစရာ မလိုပါဘူးခင်ဗျ ….
ဖြေ။ ဒါကလည်း ပြောပြလို့လည်း မရဘူးလေ …
မေး။ ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်အပေါ်မှာ ပါတီကို ကြည့်ခဲ့လား။ ကိုယ်စားလှယ်ကို ကြည့်ခဲ့လား။ ဘာကိုကြည့်ပြီး မဲပေးခဲ့လဲ ခင်ဗျ။
ဖြေ။ အရင်က ဖြစ်ခဲ့တာတွေရော။ လက်ရှိ ဖြစ်နေတဲ့အရာတွေရော အားလုံး ချင့်ချိန်ပြီး ပေးခဲ့တာပဲ။ ကောင်းမယ်ထင်လို့ ပေးခဲ့လိုက်ပြီပေါ့။