နှစ်ပေါင်း ၈၆၅ နှစ် သက်တမ်းရှိ ရိုးရာနဂါးလှေလှော်ပွဲ ကျင်းပ
DVB
·
October 28, 2018
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်မှာ နှစ်ပေါင်း ၈၆၅ သက်တမ်းရှိတဲ့ ရိုးရာနဂါးလှေလှော်ပွဲကို အောက်တိုဘာ ၂၈ ရက်နေ့က တနင်္သာရီမြစ်တွင်းမှာ ကျင်းပခဲ့ကြပါတယ်။
တနင်္သာရီမြို့နယ်မှာ ရှေးယခင်နှစ်ပေါင်းများစွာက ကျင်းပလာခဲ့တဲ့ ရိုးရာပွဲတော်တခုဖြစ်ပြီး တနင်္သာရီမြို့နယ်အတွင်းရှိ လယ်သစ်ကျေးရွာ နဂါးလှေ ၄ စီး၊ တနင်္သာရီမြို့နယ်မှ နဂါးလှေ ၂ စီးတို့ ပါဝင်လှော်ခတ်ခဲ့ကြောင်း သိရပါတယ်။
အရင်က တနင်္သာရီမြစ်ကြောင်းတလျောက်ရှိ ကျေးရွာတွေမှာ နဂါးလှေအများအပြား ရှိခဲ့ပေမယ့် အခုအခါ နဂါးလှေ ရှားပါးလာမှုအပြင် အခက်အခဲတချို့နဲ့ ရင်ဆိုင်နေရပြီး ချောင်းကြီးကျောင်းတိုက် ကထိန်ပွဲတော်နဲ့အတူ အစဉ်အလာ မပျက်အောင် ကျင်းပနေရကြောင်း သိရပါတယ်။
အစိုးရ ထောက်ပံ့မှုမရှိတဲ့ ရိုးရာနဂါးလှေလှော်ပွဲကို အစိုးရက ထောက်ပံ့မှု ပေးလာအောင် ဒေသခံတွေက ကြိုးစားသွားကြမယ်လို့ ပြောဆိုပါတယ်။