ပွင့်ဖြူ သီးနှံနစ်နာကြေးပေးအပ်မှုတွင် အလွဲသုံးစားမှုများရှိဟုဆို
DVB
·
October 21, 2018
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ ၂၀၁၇ ခုနှစ်က သီးနှံပျက်စီးဆုံးရှုံးမှုအတွက် နိုင်ငံတော် သမ္မတ အရေးပေါ် ရန်ပုံငွေကနေ နစ်နာကြေးပေးခဲ့တာမှာ မမှန်မကန် အလွဲသုံးစားလုပ်မှုတွေ ရှိခဲ့တယ်ဆိုပြီး တင်ပြမှုတွေကြောင့် တာဝန်ရှိသူတွေက စစ်ဆေးနေပါတယ်။
ပွင့်ဖြူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးကျော်မင်းနိုင်က “သီးနှံစိုက်ဧက ၂၀၇၂၈ ပျက်စီးဆုံးရှုံးခဲ့တဲ့ တောင်သူတွေကိုပေးတဲ့ ငွေက ကျပ်သိန်း ၉၀၀၀ ရှိတယ်လို့ သိရတယ်။ ကျေးရွာအုပ်စု ၁၀ ခုလောက် စာရင်းမှားနေတာတွေ့ရတယ်။ မရိုးမသားနဲ့ အောက်ခြေမှာ ခြစားနေတဲ့ အပြုအမူကို တွေ့ရပါတယ်။ ပါတီကနေ ဌာနဆိုင်ရာကို ဝင်ရောက်စွက်ဖက်တာ မဟုတ်ဘဲ ဒေသခံတောင်သူတွေရဲ့ နစ်နာမှုကို ကြားခံအနေနဲ့ တင်ပြပေးခဲ့တာပါ။ လိမ်လည် ထုတ်ယူပြီး အလွဲသုံးစားလုပ်ထားတဲ့ အချက်တွေ တောင်သူတွေရဲ့ မှတ်တမ်းအရ တွေ့ရှိရပါတယ်။ အဂတိ တိုက်ဖျက်ရေး ကော်မရှင်ကို တင်ပြသွားဖို့ ဆုံးဖြတ်ချက်ချထားပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒေသခံတောင်သူ ကိုရန်နိုင်လင်းက “၂၀၁၇ ရေနစ်မြုပ်မှုမှာ ၃ ဧကကျော် နစ်မြုပ်ခဲ့ပါတယ်။ အပြည့်အဝမရရှိလို့ မြို့နယ်မြေစာရင်းဌာနကို ဝင်ပြောတော့ ပေးတဲ့ငွေနဲ့ပဲ ကျေနပ်ဖို့ပြောတယ်။ နိုင်ငံတော်မှ တောင်သူတွေနစ်နာလို့ ထောက်ပံ့တဲ့ငွေကို အမှန်အကန်ပဲ လိုချင်တယ်” လို့ ပြောပါတယ်။
တောင်သူ ဦးတင်အောင်သန်းက “စာရင်းထဲမှာ မိမိပိုင်တဲ့ ပုံစံ(၇)တွေပါပြီးတော့ တခြား အမည်နဲ့ ထုတ်ယူသွားတာပါ။ အမည်ချင်း တူတာထက် ပုံစံ(၇)၊ အဖေ အမည် တိုက်ဆိုင်စစ်ဆေးခြင်းမပြုဘဲ ထုတ်ပေးတာဟာ အဂတိလိုက်စားတယ်ဆိုတာ ပေါ်လွင်နေတာပါ။ နှစ်စဉ်နဲ့အမျှ ရရှိတာတွေကို ဘာမှမသိရဘဲ တောင်သူတွေ ခံစားနေရမှာ စိုးလို့ အမှန်တရားပေါ်ပေါက်ဖို့ သက်ဆိုင်ရလူကြီးတွေကို တောင်းဆိုခဲ့တာပါ” လို့ ဆိုပါတယ်။
အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အောက်တိုဘာ ၁၉ ရက်နေ့ကစပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်ဒေသကြီး လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး ဦးဆောင်တဲ့ စစ်ဆေးရေးအဖွဲ့က ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းဌေးက "လောလောဆယ် စစ်ဆေးနေဆဲ ဖြစ်ပြီး စစ်ဆေးတွေ့ရှိချက်တွေကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြသွားမှာပါ။ လတ်တလော ဖြေလို့ မရသေးဘူး" လို့ ပြောပါတယ်။
သတင်း-မင်းထီး