ပထမဆုံးအကြိမ် လူထုအမှတ်သညာပွဲတော် မကွေးမြို့တွင် ကျင်းပ
DVB
·
October 20, 2018
မြန်မာနိုင်ငံရဲ့ ပထမဆုံးအကြိမ် လူထုအမှတ်သညာပွဲတော်ကို အောက်တိုဘာလ ၁၉ ရက်နေ့ မနက်က မကွေးမြို့ မိုးလုံလေလုံ အားကစားခန်းမမှာ ကျင်းပခဲ့ပါတယ်။
ဦးဆောင်ကျင်းပတဲ့ ပန်းဆိုးဆန်း ဂယ်လာရီမှ ကိုအောင်စိုးမင်းက "ဓာတ်ပုံတွေမှာ ခေတ်ပေါင်းများစွာကို ကိုယ်စားပြုတဲ့ ပုံရိပ်တွေ အများကြီးရှိတယ်။ ပုံရိပ်တွေကိုကြည့်ခြင်းအားဖြင့် မတူညီတဲ့ မျိုးဆက်တွေ တခုနဲ့တခု ထိတွေ့မှု ပိုပြီးရှိလာမယ်။ မျိုးဆက်အချင်းချင်း အပြန်အလှန် လေးစားမှုတွေ ဖြစ်လာနိုင်တယ်။ မြို့တွေမှာ ဒေသန္တရပြတိုက်တွေ ပေါ်ပေါက်လာဖို့ ရည်ရွယ်ပြီး မကွေးမြို့မှ ပထမဆုံးကျင်းပတာပါ” လို့ ဒီဗွီဘီကိုပြောပါတယ်။
ဒီပွဲဟာ သမိုင်းကို အခြေခံတဲ့ အနုပညာ ပြပွဲဖြစ်ပြီး ဓာတ်ပုံ၊ ပန်းချီ၊ ကဗျာနဲ့ စာတန်းဖတ်တာတွေပါဝင်ပြီး နောင်ကို ဒီထက်စုံလင်အောင် လုပ်နိုင်မယ်လိုထင်ကြောင်း၊ ကိုယ့်မှာရှိတဲ့ပုံရိပ်တွေကို အများနဲ့ မျှဝေတဲ့ဟာမျိုး ဝိုင်းဝန်းကူညီပေးကြပါလို့ ဆိုပါတယ်။
မကွေးမြို့ခံ ဦးအောင်ကျော်ညွန့်က "ဒီလို့ပွဲမျိုး နှစ်စဉ် ပြုလုပေးစေချင်တယ်။ မကွေးမြို့ရဲ့ ရှေးဟောင်းပုံရိပ်တွေလည်း ပါသလို ခုနောက်ပိုင်း အနုပညာရှင်တွေရဲ့ ဖန်တီးမှုတွေကို ဖော်ပြခွင့်ရတဲ့ပွဲလေးပါ။ နောင်ကျရင် အနုပညာ စွမ်းအားတွေနဲ့ ဖော်ထုတ်မှုတွေကို ကမ္ဘာကိုချပြနိုင်တဲ့ အဆင့်ထိ ဖြစ်လာနိုင်ပါတယ်" လို့ပြောပါတယ်။
မကွေးမြို့မှ ပန်းချီဆရာကြီး ဦးမျိုးညွန့်က "မကွေးမြို့ရှိ အမှတ်သညာတွေ မှတ်တမ်းမှတ်ရာတွေ အဖြစ်ပျက်တွေ ပြန်ကြည့်ရတဲ့သဘောပါ။ တချိန်တုန်းက အဖြစ်အပျက်တွေ နမူနာထားပြီး တိုးတက်လာအောင် လုပ်ဆောင်ရမှာပါ။ ဖြစ်နိုင်ရင် မကွေးမြို့မှာ ဒေသန္တရ ပြတိုက်တွေ တည်ဆောက်ပေးနိုင်ဖို့ မျှော်လင့်တယ်” ပြောပါတယ်။
ပွဲတော်မှာ ဓာတ်ပုံ၊ ပန်းချီကားချပ်ပေါင်း ၂၀၀ ကျော်ပြသထားပြီး ပြိုင်ပွဲဝင် ဓာတ်ပုံ ၅၆ ခု၊ ပြိုင်ပွဲဝင် ဒကူမန်ထရီ ၁၁ ခု ယှဉ်ပြိုင်နေတာပါ။ တောင်အာဖရိကမှ ဒိုင် ၂ ဦးအပါဝင် အကဲဖြတ် ဒိုင်လေးဦးက ရွေးချယ်ဆုချီးမြှင့်မှာပါ။
ဓာတ်ပုံပြိုင်ပွဲအတွက် ပထမဆု ၃ သိန်းကျပ်၊ ဒုတိယဆု ၂ သိန်းကျပ်၊ တတိယဆု ၁ သိန်းကျပ် နဲ့ ဒကူမန်ထရီ ပြိုင်ပွဲအတွက် ပထမဆု ၆ သိန်းကျပ်၊ ဒုတိယဆု ၄ သိန်းကျပ်၊ တတိယဆု ၂ သိန်းကျပ် ဆုချီးမြှင့်မှာဖြစ်ပါတယ်။ ပြိုင်ပွဲနဲ့ အနုပညာပြပွဲကို အောက်တိုဘာ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ထိ သုံးရက် ကျင်းပသွားမယ်လို့ သိရပါတယ်။
သတင်း-မင်းထီး