ကျား-မ တန်းတူရေးဆိုင်ရာ အခြေခံမူများ သုံးသပ်ချက်ဆွေးနွေးပွဲ ကျင်းပ
DVB
·
October 19, 2018
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံက အတည်ပြုခဲ့တဲ့ ကျား-မ တန်းတူရေးဆိုင်ရာ အခြေခံမူများ သုံးသပ်ချက်ဆွေးနွေးပွဲကို ရန်ကုန်မြို့ Green Hill Hotel မှာ အောက်တိုဘာ ၁၉ နေ့ ညနေက ပြုလုပ်ခဲ့ပါတယ်။
ကျား -မ တန်းတူရေး ဆိုင်ရာ အခြေခံမူများ သုံးသပ်ချက်ဆွေးနွေးပွဲကို အမျိုး သမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကနေ ဦးဆောင်ပြုလုပ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံက အတည်ပြုခဲ့တဲ့ ကျား-မ တန်းတူရေးဆိုင်ရာ အခြေခံမူများ သုံးသပ်ချက်စာတမ်းကိုလည်း ဖြန့်ဝေခဲ့ပါတယ်။
ဆွေးနွေးပွဲကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်စူဇန်နာ လှလှစိုး၊ ABSDF က မိဆူးပွင့် နဲ့ SNLD က နန်းမြဦးတို့ကနေ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ ခက်ခက်ခဲခဲ ဆွေးနွေးခဲ့ပြီး အတည်ပြုခဲ့တဲ့ ကျား-မ တန်းတူရေးဆိုင်ရာ အကြောင်းတွေကို ဆွေးနွေးခဲ့ကြတာပါ။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းဝေးကို ၂၀၁၈ ခုနှစ် ဇူလိုင်လက ကျင်းပခဲ့ပြီး ကျား-မ တန်းတူရေးဆိုင်ရာ အခြေခံမူ ၄ ချက်ကိုချမှတ်ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့အချက်တွေဖြစ်တယ်လို့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က အထွေထွေအတွင်းရေးမှူး လွေးပိုးငယ်က ပြောပါတယ်။
အဲဒီအခြေခံမူတွေဟာ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်ရေးနဲ့ ကျားမတန်းတူတွေကို ဖော် ဆောင်ရေးအတွက် လုံလောက်တဲ့ ထိရောက်မှု မရှိသေးဘူးလို့ ဆွေးနွေးတဲ့သူတွေက ပြောသလို သုံးသပ်ချက်စာတမ်းထဲမှာလည်း ပြည့်ပြည့်စုံစုံ ဖော်ပြထားတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ပြောပါတယ်။