ထိုင်းတွင် အလုပ်သမားများကို နားရက်အတွင်း ခိုင်းစေပါက ပြစ်ဒဏ်ကျမည်ဟု သတိပေး
နန်းမြနဒီ
·
October 10, 2018
ထိုင်းနိုင်ငံက အလုပ်ရှင်တွေအနေနဲ့ မိမိအလုပ်သမားတွေကို နားရက်မှာ အလုပ်ခိုင်း စေခြင်းမပြုဖို့ ထိုင်းနိုင်ငံ အလုပ်သမားကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနက ၂၀၁၈ အောက်တို လ ၇ ရက်နေ့ နေ့စွဲနဲ့ သတိပေးထုတ်ပြန်ထားပါတယ်။
၁၉၉၈ ခုနှစ်က ပြဋ္ဌာန်းတဲ့ ထိုင်းအလုပ်သမား ဥပဒေအရ အလုပ်သမားတွေအနေနဲ့ နားရက်မှာ အနားယူပြီး ကိုယ်ရေးကိုယ်တာကိစ္စ ဆောင်ရွက်နိုင်စေဖို့ အလုပ်ရှင်မှ စေခိုင်းခြင်း မပြုဖို့ တားမြစ်ထားကြောင်း၊ မဖြစ်မနေခိုင်းစေရမယ်ဆိုရင် သက်ဆိုင်ရာအလုပ်သမားရဲ့ သဘောတူချက်ကို ရရှိအောင်အရင်ညှိနှိုင်းရမှာဖြစ်ပြီး လုပ်အားခကိုလည်း နာရီလိုက်တွက်ပြီး မူရင်းလုပ်ခထက် နောက်ထပ် ၁ ဆ ပိုပေးရမယ်လို့ ထိုင်းအလုပ်သမားကာကွယ်စောင့် ရှောက်ရေး ဦးစီးဌာ ညွှန်ကြားရေးမှူး နိုင်းအနန္တချိုင်း ဥထိုင်းဖတ်ထနားချိပ်က ပြောပါတယ်။
မိမိအလုပ်သမားမှာ ပုံမှန်နားရက်လည်းရှိပြီး လပေးစနစ်နဲ့ ငှားရမ်းထားတယ်ဆိုရင် နားရက်မှာ အလုပ်ဆင်းရပါက နေ့တွက် အနည်းဆုံး ၂ ဆရရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အထက်ပါ အချက်ကို အလုပ်ရှင်က လိုက်နာကျင့်သုံးခြင်းမရှိဘူးဆိုရင် ထောင်ဒဏ် ၆ လ ထိ သို့မဟုတ် ငွေဒဏ် ၁ သိန်းထိ သို့မဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ ၂ ရပ်လုံး ကျခံရမှာ ဖြစ်ကြောင်း၊ နောက်ထပ်သိလိုတဲ့အချက်တွေရှိရင် ဘန်ကောက်ခရိုင် နယ်မြေ ၁ မှ ၁၀ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးတွေနဲ့ အရေးပေါ်လိုင်း ၁၅၀၆ လိုင်းခွဲ ၃ ကို ဆက်သွယ်မေးမြန်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကိုးကား - Department of Labour Protection Welfare