သီတင်းကျွတ်ပွဲတော်တွင် အကြမ်းဖက်မှုများ သတိထားရန် ရဲတပ်ဖွဲ့နှိုးဆော်
DVB
·
October 7, 2018
သီတင်းကျွတ်ပွဲတော်မှာ မီးရှူးမီးပန်း ပစ်လွှတ်တာ၊ ဗြောက်အိုးဖောက်တာနဲ့အတူ မသမာသူတွေ၊ အဖျက်အမှောင့် ဆောင်ရွက်လိုသူတွေက အခွင့်ကောင်းယူပြီး အကြမ်း ဖက်တိုက်ခိုက် ဖောက်ခွဲဖျက်ဆီးမှုတွေ ရောနှောဆောင်ရွက်လာနိုင်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အသိပေးနှိုးဆော်ထားပါတယ်။
မကြာမီကာလအတွင်း သီတင်းကျွတ်နဲ့ တန်ဆောင်တိုင် ပွဲတော်ကာလသို့ ရောက်ရှိပြီး အဆိုပါပွဲတော်တွေကို အကြောင်းပြု မီးရှူးမီးပန်း ပစ်လွှတ်တာ၊ ဗြောက်အိုး၊ ရှူးဒိုင်းတွေ ပစ်ဖောက်တာကြောင့် အများပြည်သူ အထိန့်တလန့်ဖြစ်စေတာ ပြည်သူလူထုနဲ့ ကလေးသူငယ်တွေ ထိခိုက်အနာတရဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မသမာသူများ/ အဖျက်အမှောင့် ဆောင်ရွက်လိုသူတွေကလည်း အခွင့်ကောင်း ယူပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ဖောက်ခွဲဖျက်ဆီးမှုတွေ ရောနှောဆောင်ရွက် လာနိုင်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ သတိပေးချက်မှာ ဖော်ပြထားပါတယ်။
ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးအတွက် မီးရှုးမီးပန်း၊ ဗြောက်အိုး၊ ရှူးဒိုင်းတွေ ထုတ်လုပ်၊ သယ်ဆောင်ဖြန့်ဖြူး၊ သိုလှောင်၊ ရောင်းချ၊ ပစ်ဖောက်တာတွေ မပြုလုပ်ကြဖို့နဲ့ မလိုက်နာပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူ မယ်လို့ အသိပေးနှိုးဆော်ထားပါတယ်။