သာစည်မြို့နယ်တွင် မှိုချက်ပြုတ်စားသောက်ရာက လူ ၂၀ ကျော် အစာအဆိပ်သင့်
DVB
·
October 6, 2018
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ဥသျှစ်ကုန်းရွာမှာ အောက်တိုဘာ ၅ရက်နေ့က တောထဲက ရလာတဲ့ မှိုတွေကို မိသားစု ၇ စုကို ခွဲဝေပေးပြီး ချက်ပြုတ် စားသောက်ရာ လူ၂၁ဦး မူးဝေအော့အန် အစာအဆိပ်သင့်ခဲ့တယ်လို့ သာစည်မြို့နယ်ဆေးရုံက ပြောပါတယ်။
သာစည်ဆေးရုံ ဆရာဝန်ကြီးဒေါက်တာလင်းထင်ကျော်က "အမျိုးသား ၆ ယောက်၊ အမျိုးသမီး ၁၅ယောက် အစာအဆိပ်ဖြစ်သွားတယ်။ မူးဝေအော့အန်တယ်၊ အသက်ရှူကျပ်တယ်၊ ဆေးသွင်းပေးရတယ်၊ ဖြေဆေးထိုးပေးရတယ်၊ သက်သာလာတော့ အားဆေးသွင်းပေးတယ်။ အခုတော့အားလုံး ကောင်းသွားပါပြီ"လို့ ပြောပါတယ်။
ရွာသားကိုသိန်းဝင်းစိုးနဲ့ သူငယ်ချင်း သုံးယောက်တို့ တောထဲသွားရာက မှိုကျင်းတွေ့ပြီး တူးယူလာခဲ့ကြတာလို့ သိရပါတယ်။
ကိုသိန်းဝင်းစိုးပါ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၁၅ ဦးတို့ အစာအဆိပ်ဖြစ်ခဲ့ပြီး သက်သာလာလို့ အောက်တိုဘာ ၆ ရက်မှာ ဆေးရုံက ဆင်းသွားကြပြီဖြစ်ပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)