မလေးရှား၌ စံချိန်တင်ဖမ်းမိသည့် မူးယစ်ဆေးဝါးအမှု တရားလိုပြသက်သေ ရဲအုပ်ကို စစ်ဆေး
DVB
·
September 28, 2018
မလေးရှားနိုင်ငံ၊ ပို့ကလန်းဆိပ်ကမ်းမှာ မြန်မာနိုင်ငံကနေ စားသောက်ကုန်ပုံစံနဲ့ တင်သွင်းတဲ့ မူးယစ်ဆေးဝါးတွေ စံချိန်တင် ဖမ်းဆီးရမိခဲ့တဲ့အမှုနဲ့ ပတ်သက်ပြီး တရားလိုပြသက်သေ ရဲအုပ်ထွန်းထွန်းကို ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ မနေ့က စစ်ဆေးပါတယ်။
တရားခံဘက်က အမှုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသန်းအောင်က “ဒီနေ့ ၁၀ ကြိမ်မြောက်ရုံးချိန်းမှာ ရဲအုပ်ထွန်းထွန်းကို အပြီးစစ်ဆေးခဲ့တာဖြစ်ပြီး လာမယ့်ရုံးချိန်းမှာတော့ မူးယစ်တပ်ဖွဲ့က နောက်တယောက်ကို စစ်ဆေးသွားပါမယ်” လို့ ပြောပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ တရားလိုပြအဖြစ် သက်သေတင်သွင်းထားသူ ၆၉ ဦးရှိတဲ့အနက် ၃ ဦးကိုတော့ စစ်ဆေးပြီးစီးသွားပြီ ဖြစ်ပါတယ်။
လာမယ့် အောက်တိုဘာ ၄ ရက်မှာ ကျန်သက်သေတွေကို ထပ်မံခေါ်ယူစစ်ဆေးဖို့ အနောက်ပိုင်းခရိုင် တွဲဘက်တရားသူကြီးက ပြန်လည်ချိန်းဆိုသွားပါတယ်။
မြန်မာနိုင်ငံကနေ လက်ဖက်ရည်ထုပ်တွေပုံစံ ထုပ်ပိုးပြီး သင်္ဘောနဲ့ တင်ပို့လိုက်တဲ့ မလေးရှားရင်းဂစ်ငွေ ၇၁ သန်း (အမေရိကန်ဒေါ်လာ ၁၈ သန်း) တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေး အလေးချိန် ၁ ဒသမ ၂ တန်လောက်ကို မလေးရှား အကောက်ခွန်က ပြီးခဲ့တဲ့မေလမှာ ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေနဲ့ ဆက်နွှယ်တဲ့ အဓိက တရားခံပြေး မောင်မောင် (ခ) ဟာဂျီယာစင်ကိုတော့ ဇွန်လ ၅ ရက်ညက မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရှိ ၁၆ မိုင် စစ်ဆေးရေးစခန်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။
ဒီအမှုနဲ့ ဆက်နွှယ်ဖမ်းဆီးထားတဲ့ ဦးမင်းနိုင်၊ ဦးမောင်မောင် (ခ) ဟာဂျီယာစင်နဲ့ ဦးဇေယျာ (ခ) ဇေယျာဟိန်းတို့ကို ရာဇသတ်ကြီးအမှု ၈၄/၂၀၁၈ နဲ့ ရဲမှူး ခင်မောင်သိန်းက တရားလိုပြုပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။