ဆက်သွယ်ရေးတာဝါတိုင်ပေါ်မှ တပ်မတော်သား ၁ ဦး ပြုတ်ကျသေဆုံး
DVB
·
September 23, 2018
မကွေးတိုင်းဒေသကြီး ချောက်မြို့၊ အမှတ် ၁၄ စစ်ကွင်းရပ် ခ.လ.ရ (၁၃) တပ်ဝန်းအတွင်း ရှိ ဆက်သွယ်ရေးတာဝါတိုင်ပေါ်မှ တပ်မတော်သားတဦး ပြုတ်ကျ သေဆုံးခဲ့တယ်လို့ ချောက်မြို့မရဲစခန်းမှ သိရပါတယ်။
စက်တင်ဘာ ၂၂ ရက် ည ၅ နာရီခွဲလောက်က အမှတ်(၂) အဆင့်မြင့် ဆက်သွယ်မှု တပ်ရင်း မုံရွာမြို့နယ်မှ ဆိပ်ဖြူမြို့နယ်ကို တာဝန်ပေးအပ်ခံရတဲ့ တပ်ကြပ်ညီညီဝင်း ဟာ ဆိပ်ဖြူ -ချောက် (Micro Link) မကောင်းတဲ့အတွက် ၄၆ မီတာ အမြင့်ရှိ ဆက်သွယ်ရေး တာဝါတိုင်ပေါ်တက်ပြီး Outdoor Unit ကောင်းမကောင်း စစ်ဆေးကာ ပြန်အဆင်း အမြင့်(၄၀)မီတာလောက်မှ ပြုတ်ကျသေဆုံးခဲ့တာပါ။
ဘယ်ခြေသလုံးကျိုး၊ ယာပေါင်ကျိုး၊ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ရပြီး ခ.လ.ရ (၁၃) မှ ဗိုလ်ကြီးအောင်ပြည့်ဖြိုး သတင်းပေးချက်အရ အခင်းဖြစ်နေရာကို သွားရောက် စစ်ဆေးခဲ့ရတယ်လို့ တာဝန်ရှိသူတဦးက ဆိုပါတယ်။
အဆိုပါ သေဆုံးမှုကို ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် သေမှုသေခင်းအမှတ် (၅/၂၀၁၈) နဲ့ မှုဖွင့်ပြီး ချောက်မြို့မစခန်းမှူးက အမှုလက်ခံ စစ်ဆေးနေရှိတယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)