Homeမြန်မာသတင်း
GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သည့် နှမ်းသီးနှံများကို ပြည်ပတင်ပို့နိုင်ရန် ဆောင်ရွက်
GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သည့် နှမ်းသီးနှံများကို ပြည်ပတင်ပို့နိုင်ရန် ဆောင်ရွက်
DVB
·
September 22, 2018
မကွေးတိုင်း စိုက်ပျိုးရေးဦးစီးဌာနနဲ့ NAP အစုအဖွဲ့တို့ပူးပေါင်းကာ GAP စနစ်နဲ့ စိုက်ပျိုးထုတ်လုပ်တဲ့ နှမ်းသီးနှံတွေကို ဈေးကွက်ခိုင်မာမှုရှိပြီး ပြည်ပတင်ပို့နိုင်ဖို့ ဆောင်ရွက်နေပါတယ်။
စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက “ပက်မြန်မာနဲ့တန်တစ်ရာ၊ အောင်ကျွန်းသာ ကုမ္ပဏီနဲ့ တန်တစ်ရာ ဝယ်ယူဖို့ သဘောတူ စာချုပ်ချုပ်ပြီး ဝယ်ယူနေပါပြီ။ စိုက်ပျိုးရေးဦးစီးဌာနနဲ့ အကျိုးဆောင် ကုမ္ပဏီတခု ပူပေါင်းပြီး GAP နှမ်းတင်း ၁၅၀ဝ ဝယ်ယူထားပါတယ်။ ဝယ်ယူထားတဲ့ နှမ်းနက်တွေကို စက်တင်ဘာ ၁၇ ရက်နေ့က မကွေး မြို့တော်ခန်းမမှာ လေလံတင်ရောင်းချခဲ့ပါတယ်။ ရွှေတော်ဝင် ကုမ္ပဏီက တစ်တင်းကို ၇၉၅၀၀ ကျပ်နဲ့ ၈၈ တင်း လေလံအောင်သွားတယ်။ ပြည်တွင်းမှာ အရောင်းအဝယ် မဖြစ်ရင်လည်း အထောက်ထားကင်းလွှတ်ခွင့်ရယူပြီး အိတ်စပို့ ကုမ္ပဏီတခုနဲ့ ချိတ်ဆက်ပြီး ဂျပန်နိုင်ငံကို တင်ပို့ ရောင်းချမှာပါ” လို့ ပြောပါတယ်။
စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) စနစ် မှတ်တမ်း ပြလိုက်ရုံနဲ့ ဈေး ၂၀၀၀ ကျပ်လောက်ပိုရရှိပြီး ဆီစက်တွေက ရွာတွေထိ ဆင်းဝယ်နေတဲ့အတွက် သယ်ယူစရိတ်၊ အလုပ်သမားခ၊ ပွဲခတွေသက်သာပြီး ၁ တင်းကို ၄၀၀၀ ကျပ်လောက် အကျိုးခံစားရတယ်လို့ ဆိုပါတယ်။
GAP နှမ်းစိုက်တောင်သူတဦးဖြစ်တဲ့ ကိုဝင်းဇော်နိုင်က “ဈေးကွက်ဖော်ဆောင်ဖို့ စီမံကိန်းက ဆရာတွေက ချိတ်ဆက်ပေးတာပါ။ ကိုရီးယားတင်ပို့မယ့် ကုမ္ပဏီတခုနဲ့ နှမ်းဖြူ တန် ၅၀၀ စာချုပ်ချုပ်ထားတယ်။ အဖွဲ့အင်အားကောင်းလေ တောင်သူတွေအတွက် အကျိုးမြတ်ရလေ ဖြစ်တဲ့အတွက် အဖွဲ့ဝင်များလာလိမ့်မယ်” လို့ ပြောပါတယ်။
မကြီးကန် ကျေးရွာက တောင်သူ ဦးညီစိုးက “ကျနော်တို့စိုက်တဲ့နည်းနဲ့ GAP စနစ်နဲ့မကွာပေမယ့် မှတ်တမ်းမရှိဘူး။ GAP နဲ့ပတ်သက်တဲ့ ပညာပေ ဆွေးနွေးပွဲတွေ မကြာခဏ တက်ရောက်ပြီး စိတ်ဝင်စားမရှိပါတယ်” လို့ ဆိုပါတယ်။
GAP စိုက်ပျိုးရေးနည်းစနစ်ဟာ ကောင်းမွန်တဲ့ နည်းစနစ်နဲ့ စားသုံးသူ ဘေးကင်းလုံခြုံမှုရှိအောင် စိုက်ပျိုးထုတ်လုပ်ကာ မှတ်တမ်းမှတ်ရာ ထားရှိတဲ့ စနစ်ဖြစ်ပြီး မကွေးတိုင်းမှာ ပဲ၊ နှမ်းကို အဓိကထား စိုက်ပျိုးထုတ်လုပ်နေပါတယ်။
သတင်း-မင်းထီး