ယူနီဗာစီတီကျောင်းအုပ်ကြီး စလော့ ဆိုးသလား၊ ကောင်းသလား (သုတကဖေး)
DVB
·
September 21, 2018
သပိတ်၊ သပိတ် မှောက် မှောက်… စလော့ စလော့ ထွက်ထွက်…… ကိုအောင်ဆန်း ကျောင်းမထုတ်နဲ့… ကိုနု ကျောင်းမထုတ်နဲ့… ဆိုတဲ့ ကြွေးကြော်သံတွေက သမဂ္ဂအဆောက်အဦကနေ လျှံထွက်ပျံ့လွင့်နေခဲ့ပါတယ်။
အဲ့ဒီပျံ့လွင်သံတွေနဲ့အတူ ယူနီဗာစီတီကျောင်းအုပ်ကြီး မစ္စတာစလော့အပေါ် ကျောင်းသားတို့ရဲ့ အငြင်းစိတ်ဟာလည်း ပိုလို့ လောင်မြိုက်လာခဲ့ပါတယ်။ တကယ်တော့ ၁၉၃၆ ကျောင်းသားသပိတ်ဟာ ပုဂ္ဂိုလ်ရေးအခြေခံနဲ့ စတင်ခဲ့တယ်ဆိုပေမယ့် မျက်နှာဖြူအမုန်းစိတ်က ပိုကြီးမားဟန်ပါပဲ။ ဒုတိယကျောင်းသားသပိတ်အကြောင်း အများသိပြီးမို့ ပြောစရာမရှိပေမယ့် စလော့ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးမို့ ဒါလောက် ပဋိပက္ခ ကြီးမားရသလဲဆိုတာကတော့ စိတ်ဝင်စားဖွယ်ရာပါ။
တကယ်တော့ ၁၉၃၆ နှစ်ကုန်ပိုင်းမှာ ကျောင်းအုပ်ကြီး မစ္စတာစလော့တယောက် ရန်ကုန်ယူနီဗာစီတီ (ထိုကာလအခေါ်) ကနေ လုပ်သက်ပြည့် အငြိမ်းစားသွားဖို့ ပြင်ဆင်နေချိန်ကာလ။ အချို့ အမျိုးသားရေးသမားများ ပြောသလို ကျောင်းသားသပိတ်ကြောင့် ထွက်ခွာသွားရခြင်းမဟုတ်။ ရန်ကုန်မှာ တာဝန်ပြီးလို့ သြစတြေးလျတက္ကသိုလ် ပြောင်းရွှေ့ တာဝန်ထမ်းရမယ်လို့လည်း ဆိုပါတယ်။ မြန်မာပြည်ကို သူရောက်လာတာကလည်း ရန်ကုန်ယူနီဗာစီတီကျောင်းအုပ်ကြီး မက်သရူးဟန်းတား အငြိမ်းစားယူတဲ့ ၁၉၂၃ ခုနှစ်မှာ အိန္ဒိယပြည် မဒရပ်တက္ကသိုလ် အင်္ဂလိပ်စာ ပါမောက္ခရာထူးကနေ ရန်ကုန်ယူနီဗာစီတီ ကျောင်းအုပ်အဖြစ် ပြောင်းလာတာ။ စလော့ အနားယူသွားရင် စလော့နေရာမှာ သမိုင်းပါမောက္ခ ဘရွတ်ကို ယာယီကျောင်းအုပ်ထားဖို့ အစီအစဉ်ရှိခဲ့ပုံရပါတယ်။ အငြိမ်းစားယူ ထွက်ခွာသွားမယ့် ဆရာကြီး စလော့အတွက် နှုတ်ဆက်ပွဲကို အကျအန ပြင်ဆင်ထားပုံနဲ့ သပိတ်ကြောင့် အစီအစဉ်ပျက်ပြားသွားပုံကို ဒုတိယကျောင်းသားသပိတ်အဖွဲ့ဝင်တဦး ရေးသားထားတာက…
“ကျောင်းအုပ်ကြီးရာထူးဖြင့် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သော ပုဂ္ဂိုလ်ကြီးတဦး အလုပ်မှ အနားယူ အငြိမ်းစားသွားသောအခါ၊ ကျေဇူးတင်ဂုဏ်ပြုရမည့် ဝတ္တရားဖြစ်သည်။ အတန်းပေါင်းစုံ ညှိနှိုင်းစည်းဝေး သဘောတူကြ၍ ဂုဏ်ပြုပွဲကျင်းပရန် အစီအစဉ်များ စကြသည်။ ဂုဏ်ပြုနှုတ်ဆက်ပွဲကို စာမေးပွဲများအပြီး ကျောင်းပိတ်ရက်မစမီ တရက်တွင် ကျင်းပရန် သတ်မှတ်၍ ကျောင်းအုပ်ကြီးအား ထိုက်ထိုက်တန်တန် ချီးကျူးဂုဏ်ပြုစာတမ်း ဖတ်ကြားခြင်း၊ လက်ဆောင်များပေးအပ်ခြင်း၊ ဂါရဝပြုခြင်းများကို ဆောင်ရွက်ရန် စီစဉ်လျာထားပြီး ဖြစ်ကြလေသည်။ ကိုနုနဲ့ ကိုအောင်ဆန်းတို့ကို ကျောင်းထုတ်ရာကစပြီး ဒုတိယသပိတ်ဖြစ်လာတော့ ထိုနှစ်က ဆရာကြီးကို နှုတ်မဆက်ဖြစ်ကြတော့” လို့ ဖော်ပြထားပါတယ်။
မှန်တာပေါ့။ ဒီဂျေစလော့က တကသဥက္ကဋ္ဌ ကိုနုနဲ့ အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ကိုအောင်ဆန်းတို့ကို ကျောင်းထုတ်တာကစလို့ သပိတ်ဖြစ်ခဲ့တာပဲ။ ကျောင်းအုပ်အနေနဲ့ အငြိမ်းစားယူကာနီးမှာ လက်ရှောင်လို့ မရနိုင်ဘူးလား။ သူဟာ ဘယ်လိုလူမျိုးဖြစ်မလဲဆိုတာ သိဖို့ ယူနီဗာစီတီကျောင်းအုပ်ဘဝမှာ သူထိတွေ့ခဲ့သူတွေရဲ့ သူ့အပေါ် သဘောထားကို လေ့လာဖို့လိုပါမယ်။ ပထမသပိတ်မှာ ပါဝင်ခဲ့ဖူးသူ ဦးဝေဠုကတော့…
“ဆရာကြီး ဒေါက်တာဟန်းတား ပြန်သွားပြီးနောက် အိန္ဒိယပြည် မဒရပ်တက္ကသိုလ်မှ အင်္ဂလိပ်စာပါမောက္ခဆရာကြီး ဒီဂျေစလော့ ကျောင်းအုပ်ကြီးအဖြစ် ရောက်လာသည်။ ဆရာကြီးမှာ အိနြေ္ဒ (မာနဟုဆိုရမလား မပြောတတ်ပါ) အလွန်ကြီးလှသည်။ အိန္ဒိယကလာ၍လား မပြောတတ်ပါ၊ မြန်မာကျောင်းသားများကို အရောမဝင်၊ မျက်နှာသာမပေး။ ကုလားကျောင်းသားများကိုတော့ အခွင့်အရေးရပါသည်။ ပုံစံပြရလျှင် အင်္ဂလိပ်စာ ဂုဏ်ထူးတန်းယူသူ အိန္ဒိယသားတို့ကို အမ်အေ၊ ဘီအေရော (ပထမတန်း) ပေးခဲ့သည်။ မြန်မာကျောင်းသားများ ပထမတန်းရသူ မရှိသလောက်ပင်” လို့ ဆရာကြီးရောက်စ အခြေအနေနဲ့ သူ့ခံစားချက်ကို ဖော်ပြ မှတ်တမ်းတင်ထားခဲ့ပါတယ်။
ဆရာမင်းသုဝဏ်ကတော့ သူ့မှတ်တမ်းမှာ ၁၉၃၅ အောက်တိုဘာလထဲမှာ စလော့ရဲ့ ထူးခြားတဲ့ ကြေညာချက် ထွက်လာတယ်။ အရင်က ကျောင်းသားတွေဟာ အစမ်းစာမေးပွဲ ဖြေကာနီးရင် မဖြေတော့ဘဲ အိမ်ကို စောပြန်သွားလေ့ရှိတယ်။ ဒါကြောင့် အစမ်းစာမေးပွဲမှ မအောင်ရင် အစစ်ကြီးမှာ ဖြေခွင့်မရှိဆိုတဲ့ သဘောနဲ့ ကြေညာခဲ့တာ။ သူ့ကြေညာချက်မှာ အတန်းတခုမှာ လူလေးငါးယောက်လောက် ကြေးနန်းစာပြပြီး အဘွား၊ အဒေါ် စတဲ့ ဆွေမျိုးတယောက်ယောက် နေမကောင်းလို့ အကြောင်းပြပြီး စောပြန်သွားလေ့ရှိကြောင်း။ ဒါကြောင့် ဒီနှစ်ကစပြီး အစမ်းစာမေးပွဲနဲ့ပတ်သက်ပြီး ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ဆိုတဲ့ အကြောင်းတွေကြောင့် အစမ်းစာမေးပွဲမှာ ကျရင် အစစ်ကြီး ဖြေဆိုခွင့်မရှိဆိုတဲ့ ကြေညာချက် ထုတ်ပေးလိုက်တာ။ ဒါကို ကျောင်းသားတွေ အမြင်မကြည် ဖြစ်နေချိန်နဲ့ ကိုနု၊ ကိုအောင်ဆန်းတို့ ကျောင်းထုတ်ချိန် တိုက်ဆိုင်ရာက ဒုတိယသပိတ် ဖြစ်လာခဲ့တာပါ။
ဒီမှာ ပေါ်ထွက်လာခဲ့တာက ဆရာကြီးဟာ သူ့နှုတ်ဆက်အထိမ်းအမှတ်ပွဲကို သောင်းသောင်းဖြဖြ ခံယူပြီး ပြန်သွားရင် ရပါလျက်နဲ့ ဘာကြောင့် ကျောင်းသားတို့ရဲ့ အငြင်းကို ခံယူခဲ့သလဲဆိုတာပါ။ သေချာတွက်ကြည့်တော့ စလော့ မြန်မာပြည်ကျောင်းအုပ်ဖြစ်တာက ၁၉၂၃ ခုနှစ်ကနေ ၁၉၃၆ အထိဆိုရင် ၁၃ နှစ်ကြာခဲ့ပြီ။ သူဟာ ကျောင်းအုပ်ဆိုပေမယ့် အင်္ဂလိပ်စာကို ကျောင်းသားတွေ သင်ပေးသေးတယ်။ အုပ်ချုပ်ရေးအပြင် သင်ကြားရေးပါ တာဝန်ယူပေးခဲ့တော့ ကျောင်းသားများဟာ သူ့တပည့်တွေက များပါတယ်။ စည်းကမ်းကြီးသူတယောက်လည်း ဖြစ်ပုံရပါတယ်။ သိမီခဲ့သူ စာရေးဆရာကြီး မောင်ထင်ကတော့..
“ကျနော် ကောလိပ်ရောက်ပြီး နောက်တနှစ်တွင် ယူနီဗာစီတီ ကျောင်းအဆောက်အဦ ရန်ပုံငွေကို တိုင်းသူပြည်သားများထံက အလှူခံသည်။ တနေ့သောအခါ ကျောင်းနံရံတွင် အင်္ဂလိပ်လိုရေးထားသော ပိုစတာတခု ကပ်ထားသည်ကို တွေ့ရသည်။ ပိုစတာမှာ Sums Large Or Small Should be Sent to the University buildings. ဆိုပြီး ရန်ပုံငွေကော်မတီ ကြော်ငြာကို တွေ့ရသည်။ ရှေ့စာလုံးများကို ပေါင်းကြည့်တော့ Sloss ဟူသောအမည်ကို တွေ့ရသည်။ ဆရာကြီးသည် သူ့ကိုယ်သူ ကြော်ညာသည်ဟု ဝေဖန်ကြသည်” လို့ ရေးခဲ့တယ်။ ဒါဟာ စလော့ရဲ့ စိတ်ကူးဉာဏ်ကွန့်ပုံကို တွေ့နိုင်သလို မပြည့်စုံသေးတဲ့ တက္ကသိုလ်အဆောက်အဦအတွက် စေတနာထား အလှူငွေကောက်ခံပေးခဲ့တာကိုတော့ အသိအမှတ် ပြုကြရမှာပါ။
ဒါတွေသာမက စလော့ဟာ ပညာရေးအတွက် လိုအပ်မယ်ဆိုရင် အသင်းအဖွဲ့ လုပ်ကိုင်ခွင့်ကို အထူးအရေးပေးတတ်တာကိုလည်း တွေ့နိုင်ပါတယ်။ တက္ကသိုလ်ပန်းချီအသင်း ဆိုတာလည်း စလော့လက်ထက်မှာ ခွင့်ပြုပေးခဲ့တာ။ ပန်းချီဆရာကြီး ဦးစံဝင်းက “နောက်တနေ့တွင် ဦးဘဉာဏ်သည် ကျောင်းအုပ်ကြီး ဒီဂျေစလော့ထံ သွား၍ အကျိုးအကြောင်းပြောပြရာ ဘီအိုစီကောလိပ် အဆောက်အဦရှိ အခန်းတခန်းတွင် တနင်္ဂနွေနေ့တိုင်း နံနက် ၈ နာရီမှ ၁၁ နာရီအထိ ပန်းချီသင်တန်းဖွင့်လှစ်ရန် သဘောတူ ခွင့်ပြုလိုက်သည်။ ဤကား ၁၉၃ဝ ပြည့်နှစ်၌ တက္ကသိုလ်တွင် ပထမဦးဆုံး ပေါက်ဖွားလာသည့် ပန်းချီအနုပညာအသင်းပေတည်း” လို့ မှတ်တမ်းပြုခဲ့ပါတယ်။
စလော့ဟာ အမှန်တကယ် လိုအပ်ချက် ဖြစ်တယ်လို့ ယူဆရင် ကျောင်းတရက် ပိတ်ပေးသည်အထိ လိုက်လျောတတ်ကြောင်းကိုတော့ ဦးခန့် (ဦးသန့် ညီ) က “၁၉၂၇ လောက်က သီပေါမင်း၏ မိဖုရားခေါင်ကြီးသည် ဗဟန်းရပ်နေအိမ်တွင် နတ်ရွာစံတော်မူသည်ကို သိသိချင်းပင် ထိုကျောင်းသားကြီး (တင့်ဆွေ) က တက္ကသိုလ်ကောလိပ် ကျောင်းအုပ်ကြီး စလော့ထံ သွားရောက်တင်ပြရာ တက္ကသိုလ်ကျောင်းတရက် ပိတ်ပေးကြောင်း” ရေးသားဖော်ပြခဲ့တာကိုလည်း မှတ်သားရဖူးတယ်။ ဒါဟာ စလော့ရဲ့ အမျိုးသားရေးဆိုင်ရာ ဆင်ခြင်တုံတရားကို ဖော်ပြနေတာပါ။ အဲ့ဒီကာလက မြန်မာနိုင်ငံ ကျောင်းသားများရဲ့ အခြေအနေဟာ ရေချိန်တန့်နေချိန်ပါ။ ဒါပေမယ့် စလော့ဟာ ကျောင်းတရက်ပိတ်ပေးခဲ့ပါတယ်။
ဆုံးမပဲ့ပြင်စရာရှိရင်လည်း စလော့ဟာ ပညာပေး ဆုံးမတတ်ကြောင်းကိုတော့ ကာတွန်းဆရာကြီး ဦးဟိန်စွန်းက ၁၉၂၈ ယူနီဗာစီတီကောလိပ်မဂ္ဂဇင်းမှာ ဦးဘလေးက ကိုယ်ဝန်ဆောင်နဲ့ ပတ်သက်တဲ့ကာတွန်း ဆွဲပေးတော့ ရွှေတလေးကာတွန်းကို ဦးဟိန်စွန်းကလည်း သဘောကျလို့ ထည့်လိုက်တယ်။ ကျောင်းသားကျောင်းသူတွေလည်း သဘောကျပေါ့။ ဒါပေမယ့် စလော့က သဘောမကျလို့ ဦးဟိန်စွန်းကိုခေါ်ပြီး “မင်းတို့ အရှေ့နိုင်ငံက ကိုယ်ဝန်ဆောင်ကာတွန်းကို သဘောကျပေမယ့် ငါတို့ အနောက်နိုင်ငံသားတွေကတော့ သဘောမကျကြဘူး။ ကိုယ်ဝန်ဆောင်ကို သနားရတယ်။ ကြင်နာရတယ်။ ပြက်ရယ်မပြုရဘူး။ ကာတွန်းမဆွဲရဘူး။ နောက်နောင် ကိုယ်ဝန်ဆောင်ကို ကောလိပ်မဂ္ဂဇင်းမှာ မထည့်ဖို့ ပြောတယ်။ ဒီအကြောင်း ရွှေတလေး (ဦးဘလေး) ကို ပြောပြတော့ ဦးဘလေးက စလော့ပြောတာ မှန်ကြောင်း၊ တွေ့ရင် အခုလိုသတိပေးတာ ကျေးဇူးတင်ကြောင်း ပြောပြလိုက်ပါလို့ မှာကြောင်းကို ဦးဟိန်စွန်းက မှတ်တမ်းရေးခဲ့ပါတယ်။
ဆရာကြီးမြကေတုကတော့ စလော့ဟာ ဗျူရိုကရက်ဆိုပေမယ့် သူ့ကျောင်းသားကို ဂုဏ်တင်ကြောင်း၊ သိက္ခာတင်လေ့ရှိကြောင်း၊ သူ့ကျောင်းသားကို အထိမခံကြောင်း၊ သူ့ကျောင်းသားအတွက်ဆိုရင် အဆောင်ထမင်း ကျွေးတာကိုလည်း စောင့်ကြည့်သလို ဟင်းမကောင်းရင် နည်းရင်လည်း ဘတ်တလာကို ဆူကြောင်း။ မြို့ထဲသွားရင်လည်း ကျောင်းသားများကို မော်ကြည့်ရလောက်အောင် အလေးစားခံရကြောင်း။ သူ့ကျောင်းသားကို အထိမခံပုံနဲ့ ပတ်သက်ပြီး မြကေတုပြောပြတာက “တခါက ဆူးလေရင်ပြင်မှာ မူးယစ်ရမ်းကားနေတဲ့ ကျောင်းသားအကြောင်း ဖုန်းရောက်တာနဲ့ စလော့ဟာ ချက်ချင်းရောက်သွားတယ်။ ကျောင်းသားဘေးမှာ ရဲတွေရှိတယ်။ မကပ်ရဲဘူး။ ဘယ်ပုလိပ် ဘယ်အရေးပိုင်မှ အကပ်မခံဘူး။ စလော့က သူ့လက်နဲ့ကာပြပြီး ကျောင်းသားဘေးရပ်ကာ ကျောင်းသားကို ပြုံးပြလိုက်ပြီး ကျောင်းသားလက်ကိုတွဲကာ ခေါ်ထုတ်သွားတတ်သည်။ သူ့ကျောင်းသားကို အထိမခံ” လို့ ရေးသားခဲ့ပါတယ်။
ဦးထွန်းရင်ကတော့ “၁၉၂၇ ခုနှစ်တွင် ကျောင်းအုပ်ကြီး မစ္စတာစလော့ စီမံပေးချက်အရ စာပေနှင့် စကားရည်လုပွဲအသင်းကို ကျောင်းသားသမဂ္ဂ (Students Union) အဖြစ်သို့ တိုးချဲ့လုပ်ဆောင်စေသည်။ သမဂ္ဂရွေးကောက်ပွဲကို ကျောင်းကြီးတွင် တနေ့ ကျင်းပပြုလုပ်ပေးသည်။ ကျနော်မှတ်မိသရွေ့ ဦးစိုးညွန့်နှင့် မွန်ဖိုးချိုတို့ ယှဉ်ပြိုင် အရွေးခံကြပါသည်။ မဲပုံးများကို ကျောင်းအုပ်ကြီးအခန်းဝတွင် ထားရှိပြီး တယောက်စီ ဝင်ရောက်မဲထည့်ကြသည်။
မွန်ဖိုးချိုနိုင်၍ ပထမဆုံးဥက္ကဋ္ဌ ဖြစ်ပါသည်။” လို့ မှတ်တမ်းပြုခဲ့ပါတယ်။ နောင်ပေါ်ထွက်လာမယ့် ကျောင်းသားသမဂ္ဂအတွက် အစမ်းလေ့ကျင့် လုပ်ဆောင်ကြည့်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါဟာ ကျောင်းသားအခွင့်အရေးနဲ့ ပတ်သက်တဲ့ ရသင့်ရထိုက်တာကို စလော့ ခွင့်ပြုခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ဒီလိုမျိုး ကျောင်းသားအပေါ် သဘောထားခဲ့တဲ့သူဟာ ဘာကြောင့် ဒုတိယကျောင်းသားသပိတ်ကို ဖြစ်ပေါ်သည်အထိ လုပ်ဆောင်ခဲ့ရပါသလဲဆိုတာ စဉ်းစားစရာပါ။ စလော့ရဲ့ ဆိုးခြင်းကောင်ခြင်းကိုတော့ သူ့ခေတ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ ကျောင်းသားများပဲ နားလည်နိုင်မှာပါ။ ၁၉၃၆ သပိတ်ရဲ့ အဓိကဇာတ်လိုက်တဦးဖြစ်သူ ညိုမြကတော့ “ကျောင်းအုပ်ကြီး စလော့ကို စစ်ပြီးခေတ်က သူ့တပည့်ဟောင်း ဦးနုက ဝန်ကြီးချုပ်အနေနဲ့ မြန်မာပြည်ကို အလည်ဖိတ်ခဲ့ပါတယ်။ သူမလာနိုင်သော်လည်း ခရီးဦးကြုံကြိုက်လို့ ရန်ကုန်လေဆိပ်မှာ ဦးနုက သူ့ကို ဧည့်ခံပြုစုပေးခဲ့တယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်များက ဖမ်းချုပ်ထားကာ စစ်ပြီးမှ လွတ်မြောက်တယ်။ ရန်ကုန်ခေတ္တဝင်ရောက်တော့ အင်မတန်ပိန်ချုံးနေသတဲ့။ မြန်မာပြည်ကို မြတ်နိုးစိတ်တော့ အပြည့်အဝ ရှိနေပါတယ်လို့ ပြောသွားသတဲ့။” လို့ ဦးညိုမြက ဖွင့်ဟခဲ့ဖူးပါတယ်။
တကယ်တော့ ကျောင်းအုပ်ကြီး မစ္စတာစလော့ဟာ ကိုလိုနီစနစ်၊ ဗျူရိုကရေစီယန္တရားနဲ့ အမျိးသားတော်လှန်ရေးကာလမှာ ခေတ်တခု စနစ်တခုရဲ့ သားကောင်ဖြစ်ခဲ့တာက အသေအချာပါ။ ကျောင်းသားချစ်တဲ့၊ ဂုဏ်သိက္ခာကြီးမြင့်စေလိုတဲ့၊ ကျောင်းသားအခွင့်အရေးနဲ့ ပညာရေးကို စောင့်ထိန်းပေးခဲ့တဲ့ ဆရာကြီးဟာ နောက်ဆုံး အမျိုးသားရေးနဲ့ ကိုလိုနီအစိုးရကြားမှာ သူချစ်သော ကျောင်းသားတို့ရဲ့ ငြင်းပယ်မှုကို ကြုံတွေ့ခဲ့ရတာတွေဟာ မှားခဲ့သလား မှန်ခဲ့သလား။ ဘဝဒဏ်လား ဆုံးဖြတ်ချက်ပဲလား ဆိုတာကိုတော့ စာဖတ်သူရဲ့ နှလုံးသားနဲ့ ဆုံးဖြတ်ချက်အတိုင်း ရှိပါစေတော့။ ဒါပေမယ့် “မြန်မာပြည်ကို မြတ်နိုးနေဆဲပါပဲ” ဆိုတဲ့ သူ့စကားကိုတော့ ဆို့ဆို့နစ်နစ်ခံစားရင်း ခေတ်တိုင်းရဲ့ ဆရာတပည့်ဆက်ဆံရေး ပြိုကွဲမှုဟာ ခေတ်စနစ်တို့သားကောင် ဖြစ်နေလေသလားလို့ နှလုံးသွင်းနေမိပါတော့တယ်။
ဆရာတပည့် အဆင်ပြေပြေ ဆက်ဆံနိုင်ကြပါစေ…။ ။
ဆရာဋ္ဌေး