အရှိုချင်းရွာများသို့ ဆေးဝါးနှင့်အသုံးဆောင်ပစ္စည်းများ သွားရောက်လှူဒါန်း
DVB
·
September 20, 2018
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်ရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ အရှိုချင်းတိုင်းရင်းသားရွာတွေကို မလွန်-မင်းလှပရဟိတအဖွဲ့က ဆေးဝါးနဲ့ အသုံးဆောင် ပစ္စည်းတွေ စက်တင်ဘာ ၁၉ ရက်က သွားရောက်လှူဒါန်းခဲ့ပါတယ်။
လေးပင်ရွာမှာ အခြေစိုက်ပြီး အနီးနားပတ်ဝန်းကျင်ကျေးရွာတွေက လူနာ ၂ဝဝ ကျော် လောက်နဲ့ လေးပင်ရွာက ကျောင်းသား ၆ဝ ကျော်ကို ကျန်းမာရေးစောင့်ရှောက် ဆေးဝါးကုသ ပေးခဲ့တာပါ။
သုံးရက်လောက် ကြိုတင်အကြောင်းကြား သွားရောက်တာဖြစ်ပြီး ဆေးဝါး၊ အဝတ်စားနဲ့ ရိက္ခာခြောက်တွေ လှူဒါန်းခဲ့တယ်လို့ ပရဟိတအဖွဲ့ ဦးဆောင်သူ ဒေါက်တာရဲထွန်းဇော်က ပြောပါတယ်။
“အဓိကကတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက် ကားတွေ ဝင်မရတော့ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေတာပါ။ အနီးစပ်ဆုံး လက်ပံတံခါး တိုက်နယ်ဆေးရုံမှာလည်း ဆရာဝန်မရှိဘူး။ ကျန်းမာရေးဌာနတွေကို သွားဖို့ကလည်း ချောင်းရေ ကျတာတွေနဲ့ သွားရေးလာရေး တော်တော်ခက်ခဲတယ်။ အစိုးရပိုင်းက လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင်လုပ်ပေးမယ် ဆိုရင်တော့ နီးစပ်ရာ ကျန်းမာရေးဌာနတွေကို အလွယ်တကူ သွားလာနိုင်ပြီး အရာရာဖွံ့ဖြိုးသွားမှာပါ” လို့ ပြောပါတယ်။
လှူဒါန်းမှုကို စက်တင်ဘာ ၁၈ ရက်ကနေစပြီး ၂ ရက်ကြာ ပြုလုပ်ခဲ့တာဖြစ်ပြီး လေးပင်ရွာအနီးရှိ ဆင်ယဉ်၊ အထက်တဂူ၊ အောက်တဂူ၊ ကျောင်းကုန်း ပနီဆို၊ ဆင်တောင်ကုန်း စတဲ့ ကျေးရွာသားတွေ လာရောက်ဆေးဝါးကုသမှု ခံယူကြတယ်လို့သိရပါတယ်။
သတင်း-မင်းထီး