၇၉ ကြိမ်မြောက် ဆရာတော်ဦးဥတ္တမ အထိမ်းအမှတ်နေ့ အခမ်းအနား ကျင်းပ
DVB
·
September 9, 2018
စက်တင်ဘာ ၉ ရက်နေ့မှာ ကျရောက်တဲ့ ၇၉ ကြိမ်မြောက် အာဇာနည် အရှင် ဦးဥတ္တမ အထိမ်း အမှတ်နေ့ကို ရခိုင်ပြည်နယ် မြို့နယ်နဲ့ကျေးရွာတွေမှာ ဒီကနေ့ ကျင်းပကြပါတယ်။
ဒါ့အပြင့် ဒီအခမ်းအနားကို ရန်ကုန်မြို့ ရွှေတိဂုံစေတီတောင်ဖက်မုခ် ဥတ္တမပန်းခြံမှာလည်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးမှ ကြီးမှူးပြီး ကျင်းပနေကြတာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးညီပု ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ကျောင်းသူကျောင်းသားတွေလည်း စစ်တွေ ဦးဥတ္တမပန်းခြံ ဆရာတော် ဦးဥတ္တမရုပ်တုရှေ့ မှာ လာရောက်ပန်းခွေချခဲ့ကြပါတယ်။
ဆရာတော်ဦးဥတ္တမဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ဇာတိဖြစ်ပြီး မြန်မာနိုင်ငံ အင်္ဂလိပ်နယ်ချဲ့ကို တော်လှန်ဖို့ မျိုးချစ်စိတ်ဓာတ် စတင်မွေးဖွားပေးခဲ့သူလည်း ဖြစ်ပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေးတရားတွေ ဟောပြောခဲ့မှုကြောင့် အကြိမ်ကြိမ်ထောင်ဒဏ် ချမှတ်ခဲ့ရသူလည်း ဖြစ်ပါတယ်။
မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ရခိုင်တိုင်းရင်းသား ဆရာတော် ဦးဥတ္တမကို ဂုဏ်ပြုတဲ့အနေနဲ့ ရခိုင်တိုင်းရင်းသားတွေက ဦးဆောင်ပြီး နှစ်စဉ်နှစ်တိုင်း စက်တင်ဘာ ၉ ရက်နေ့ကို ဦးဥတ္တမနေ့အဖြစ် သတ်မှတ်ကျင်းပလေ့ရှိပါတယ်။
ဆရာတော်ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် မြန်မာနိုင်ငံတွင်းမှာသာမက အိန္ဒိယနိုင်ငံမှာပါ အိန္ဒိယ ကွန်ကရက်အဖွဲ့ကြီးနဲ့ ပူးပေါင်းပြီးဆောင်ရွက်ခဲ့ပါတယ်။ ဆရာတော်ဟာ ၁၉၃၉ ခုနှစ်မှာ ပျံလွန်ခဲ့တာဖြစ်ပါတယ်။
သတင်း-ဓာတ်ပုံ- ဝဏ္ဏခွာညို