တီအန်အယ်လ်အေ ဖမ်းထားသည့် နန်းမိုဟွမ်ကို လွှတ်ပေးရန် နမ်းခမ်းတွင် ဆန္ဒပြ
နော်နိုရင်း
·
September 7, 2018
တီအန်အယ်လ်အေက ဖမ်းဆီးထားတဲ့ နန်းမိုဟွမ်ကို လွှတ်ပေးဖို့ မိသားစုဝင်တွေက နမ်းခမ်းမြို့မှာ ဒီကနေ့မနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
အပြစ်မရှိတဲ့ နန်းမိုဟွမ်ကို တီအန်အယ်လ်အေ အနေနဲ့ အမြန်ဆုံးလွှတ်ပေးဖို့ မိသားစုဝင် ၁၀ ဦးက တောင်းဆိုရတာလို့ နန်းမိုဟွမ်ရဲ့အစ်မ နန်းမိုခမ်းက ပြောပါတယ်။
“အပြစ်မရှိတဲ့ ကျမညီမကို အမြန်ဆုံးလွှတ်ပေးပါလို့ အဲလိုမျိုးပဲ တောင်းဆိုတာ။ သူဘာပြစ်မှုမှလည်း မလုပ်ဘဲနဲ့ သူတို့ဖမ်းသွားတာလေ။ အိမ်ထဲမှာဝင်လာပြီး သေနတ်နဲ့ ချိန်ပြီးတော့ ဖမ်းသွားတာပဲလေ။ အခုဆိုရင် ၂၂ ရက်ရှိသွားပြီ။ သူတို့ ဘာအကြောင်းမှလဲ မပြန်သေးဘူး။”
နန်းမိုဟွမ်လွှတ်ပေးဖို့ မိသားစုဝင် ၁၀ ဦးက နန်းခမ်းမြို့ မြို့နယ်ဘုရားကျောင်းမှာ ဆိုင်းဘုတ်တွေကို ကိုယ်ဆောင်ဆန္ဒပြတာဖြစ်ပြီး လူရာနဲ့ချီ သူတို့ကို လာရောက်ဝန်းရံခဲ့ကြပါတယ်။
တီအန်အယ်လ်အေ တပ်ဖွဲ့ဝင် ၅ ဦးဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက် မနက်ပိုင်းက နမ်းခမ်းမြို့ ဟိုနောင်ရပ်ကွက်ရှိ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး ဆိုင်တဆိုင်ကို ဝင်ရောက်လာပြီး ဆိုင်ရှင်အမျိုးသမီး နန်းမိုဟွမ် (အသက် ၃၇ နှစ်) ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။
တီအန်အယ်လ်အေ အကောက်ခွန်ဦးစီးဌာနက ဝန်ထမ်းတွေဟာ တာဝန်ဝတ္တရား ဆောင်ရွက်နေချိန် မိမိအလိုအလျောက် အပြင်းအထန် နာကျင်စေမှုနဲ့ ဒေါ်နန်းမိုဟွမ်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၃ နဲ့ PSLF/TNLA ဗဟိုတရားရုံးမှာ အမှုဖွင့် အရေးယူထားကြောင်း တီအန်အယ်လ်အေက စက်တင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒီလိုတောင်းဆိုတဲ့ပေါ်မှာတော့ တရားရေးဘက်ရဲ့တာဝန်ဖြစ်ပြီး နန်းမိုဟွမ်မှာ ကျန်းမာရေးနဲ့ လုံခြုံရေး စိုးရိမ်စရာမရှိဘူးလို့ တီအန်အယ်လ်အေ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောပါတယ်။
“ရှင်းလင်းချက်လည်း ကျနော်တို့ ထုတ်ခဲ့ပြီးပြီ။ ကျန်တဲ့အပိုင်းကတော့ တရားရေးဘက်က အလုပ်လုပ်နေတယ်ပေါ့နော်။ အခုကတော့ တော်လှန်ရေးကာလဖြစ်တယ်။ ပစ်ခတ်တိုက်ခိုက်မှုလည်း ရှိတဲ့အတွက် ဘယ်တော့ပြီးမလဲဆိုတာ ကျနော်တို့ အတိအကျ ပြောလို့မရဘူး။ သူ့ရဲ့ကျန်းမာရေးနဲ့ လုံခြုံမှုကတော့ ဘာမှ စိုးရိမ်စရာ မရှိပါဘူး။”
နန်းမိုဟွမ်မှာ သားသမီး ၃ ဦးရှိပြီး အကြီးဆုံးက ၁၅ နှစ်၊ အငယ်ဆုံးက ၆ နှစ်သမီး ဖြစ်ပါတယ်။