နောင်ချိုတွင် ငွေကျပ်သိန်း ၅ သောင်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ
DVB
·
September 6, 2018
ရှမ်းပြည်နယ် နောင်ချိုမြို့နယ်မှာ ကျပ်သိန်းပေါင်း ၅၀၈၂၀ ကျော်တန်ဖိုးရှိ ရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၆ ရက်နေ့ မနက်အစောပိုင်းက မူးယစ်တပ်ဖွဲ့စု ၂၄ လားရှိုးမှ တပ်ဖွဲ့ဝင်တွေ ပါဝင်သော ပူးပေါင်းအဖွဲ့ဟာ နောင်ချိုမြို့အဝင်၊ မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီး၊ အိုရီယမ်တယ်တိုးဂိတ်အနီးမှာ နေဦးမောင် (ခ) မျိုးကြီး မောင်းနှင်ပြီး သိန်းဆွေ လိုက်ပါလာတဲ့ Revo Hilux မော်တော်ယာဉ်ကို ရှာဖွေရာမှ ဖမ်းဆီးမိခဲ့တာပါ။
ယာဉ်နောက်ခန်းကြမ်းခင်းနဲ့ ဘော်ဒီအံဝှက်တွေအတွင်းတို့ကနေ စိတ်ကြွရူးသွပ် ဆေးပြား ၂,၅၄၁,၀၀၀ ပြားနဲ့ လက်ကိုင်ဖုန်းနှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
အလားတူ အစက်တင်ဘာ ၅ ရက်နေ့ ညနေပိုင်းကလည်း မူးယစ်တပ်ဖွဲစု ၂၄ လားရှိုးမှ တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ နောင်ချိုမြို့အဝင်၊မူဆယ်-မန္တလေးသွား ပြည်ထောင်စု ကားလမ်း၊ အိုရီယမ်တယ်တိုးဂိတ်အနီး ခရီးသည်တင် မော်တော်ယာဉ်ကို ရှာဖွေရာ ခရီးသည် စိုးမောင်ရဲ့ လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၇၇၀ ပြားနဲ့ လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
နေဦးမောင်နဲ့ သိန်းဆွေနဲ့ စိုးမောင်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။