မြို့ကြီးမှ ရွာကြီး၊ ရွာကြီးမှ မြို့ပြန်ဖြစ်လာသည့် စလေမြို့ဖွင့်ပွဲ
DVB
·
September 6, 2018
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်ထဲမှ စလေဟာ တချိန်က မြို့ကြီးကနေ ရွာကြီးဖြစ်ခဲ့ပြီး အခု မြို့အဖြစ် ပြန်လည်သတ်မှတ်ခဲ့တာကြောင့် မြို့ဖွင့်ပွဲအခမ်းအနားကို ဒီနေ့မနက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဖွင့်ပွဲအခမ်းအနားမှာ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက “မြို့ဖြစ်သွားသော်လည်း စလေမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လို့တော့ တွက်လို့မရဘူး။ ချောက်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်ပဲ ဖြစ်မယ်။ လက်ရှိ ရှိပြီးသား အခြေခံဖွဲ့စည်းပုံဥပဒေအရ တနိုင်ငံလုံးမှာ ပြည်သူ့လွှတ်တော် ၃၃၀ ပဲ ရှိရမယ်။ ၃၃၀ ထက် မပိုရဆိုတာ ရှိတော့၊ ဒါပေမယ့် စလေသား စလေဇာတိကတော့ ချောက်မြို့နယ်ကနေ ဖြစ်လို့ရပါတယ်” ဟု ဝန်ကြီးချုပ်က ပြောပါတယ်။
စလေမြို့နေ ကျောင်းဆရာအငြိမ်းစား ဆရာဦးငွေသိန်းမှလည်း “၁၉၃၀ နှစ်မှာ ချောက်ရေနံမြေ ပေါ်ပေါက်လာလို့ ကျနော်တို့မြို့ကြီးကို သယ်သွားတာပါ။ အဲဒါကြောင့် စလေသားတွေဟာ တောသားဖြစ်သွားတာပါ။ ကျနော်တို့ အနှစ်နှစ်အလလ ကြိုးစားခဲ့ကြလို့ အခု အသက် ၇၅ နှစ်မှ မြို့ဖြစ်ခွင့်ရခဲ့တာပါ” လို့ ပြောပါတယ်။
စလေမြို့မှာ အထင်ကရ ရှေးဟောင်းအမွေအနှစ်တွေရှိပြီး စလေရုပ်စုံကျောင်းနဲ့ စလေဇီးသီးဆိုရင် နိုင်ငံနဲ့အဝှမ်း မသိသူမရှိလောက်အောင်ဖြစ်ပြီး စာဆိုရှင် စလေဦးပုည ပေါ်ထွန်းခဲ့တဲ့ မြို့သမိုင်းတွေ ရှိတဲ့မြို့တမြို့ ဖြစ်ခဲ့ကြောင်း ဆက်လက်ရှင်းပြပါတယ်။
မြို့ဖွင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဌာနဆိုင်ရာတွေ ဒီကနေ့မနက် ၈ နာရီခွဲလောက်က တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။
ကိုလင်း(ချောက်)