မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် ဝန်ထမ်းအင်အား မလုံလောက်၍ အခက်ကြုံ
DVB
·
September 5, 2018
မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးမှာ လူနာများပြီး ဝန်ထမ်းအင်အား မလုံလောက်တဲ့ အတွက် အခက်ကြုံနေတယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။
တိုင်းဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက "တိုင်းဆေးရုံဆိုပေမယ့် ကုတင် ၂၀၀ ဆံ့သာရှိတယ်။ လူနာက တနေ့ကို ၅၀၀ ခန့်ရှိတယ်။ အောက်ခြေ အငယ်တန်း သန့်ရှင်းရေး ဝန်ထမ်း တော်တော်အားနည်းပါတယ်။ ဝန်ထမ်းအင်အား လေးဆယ်ကျော်လောက်ပဲရှိတဲ့ အတွက် ဘယ်လိုမှ မလုံလောက်ဘူး၊ အလုပ်ဆိုက်တခုမှာ လေးငါးယောက်ပဲ သုံးနိုင်တယ်။ ဝန်ထမ်း မလုံလောက်တော့ သန့်ရှင်းရေးမှာ အားနည်းတယ်၊ လုံခြုံရေးဝန်ထမ်းလည်း မရှိတော့ စည်းကမ်းပျက်တဲ့ လူနာစောင့်တွေကို ပြောဆို ပညာပေးတဲ့အခါမှာ အားနည်းချက်တွေရှိတယ်။ သူနာပြုအင်အားကတော့ မဆိုးပါဘူး။ အဆိုးရွားဆုံးကတော့ လက်ထောက်ဆရာဝန် အင်အားပါ။ ဆေးရုံမှာ လက်ထောက်ဆရာဝန် အယောက် ၆၀ ကျော်ခန့်ထားလို့ ရပေမယ့် လက်တွေမှာ အလုပ်လုပ်နေတာ ၁၂ ယောက်ပဲရှိတော့ အင်အားတော်တော်နည်းပါတယ်။
အဆိုပါကိစ္စနဲ့ ပတ်သက်လို့ ဝန်ထမ်းအင်အားတိုးမြှင့်ပေးဖို့ အထက်ရုံးချုပ်ကို တင်ပြထားပြီး နိုင်ငံတော်က ဖြည့်ဆည်းပေးမယ်လို့ မျှော်လင့်ကြောင်း ဆေးရုံအုပ်ကြီးက ဆိုပါတယ်။
ဒါ့အပြင် မကွေးတိုင်ပြည်သူ့ဆေးရုံကို တက်ရောက်ကုသနေတဲ့ လူနာတွေ ပြင်ပဓာတ်ခွဲခန်းတွေမှာ အခကြေးငွေပေးပြီး စမ်းသပ်တာတွေ လုပ်နေရတဲ့အတွက် မကွေးမြို့က ပရဟိတအဖွဲတွေ ပူးပေါင်းပြီး စက်တင်ဘာ ၄ ရက်နေ့က ဆေးရုံအုပ်ကြီးနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
သဒ္ဒါရှင် ရှင်သန်မှုကူညီရေးအဖွဲ့က ဦးနေမိုးဆွေကျော်က "၂၀၁၅ ခုနှစ်က အမျိုးစား ၆၂ မျိုးကို အခမဲ့ စမ်းသပ်လို့ ရတယ်လို့ သိထားပါတယ်၊ စက်ပျက်တာကို အကြောင်းပြပြီး အပြင်မှာ အခကြေးငွေတွေနဲ့ စမ်းသပ်နေရတာပါ၊ တကယ်လို့ စက်ပျက်ခဲ့ရင်လည်း ပရဟိတ အဖွဲ့တွေပူးပေါင်းပြီး အလှူရှင်တွေနဲ့ ပြုပြင်ဖို့ ဒီနေ့တွေဆုံမှု လုပ်ခဲ့တာပါ၊ ဆေးရုံအုပ်ကြီးက အခမဲ့ ၃၂ မျိုးကို ရုံးချိန်အတွင်း စမ်းသပ်တာတွေ ပြုလုပ်ပေးမယ်လို့ ကတိပြုပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
လူနာတွေအား ပြင်ပဓာတ်ခွဲခန်းမှာ သွားစစ်ခိုင်းတဲ့ ၀န်ထမ်းတွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာ မြတ်စိုးက ပြောပါတယ်။
"အပြင်ဓာတ်ခွဲခန်း ဆယ်နှစ်ခုလောက် ဆေးရုံရှေ့မှာရှိတယ်လိုသိရတယ်။ ဆေးရုံဝန်ထမ်း တချို့က အပြင်ဓာတ်ခွဲခန်းကို ပို့နေတယ်လို့ သိရတဲ့အတွက် ဇူလိုင်လအတွင်းက စာထွက်ပြီး တားမြစ်ခဲ့ပြီးဖြစ်တယ်။ ခုတော့ အပြင်ပို့တာ တော်တော်လေး လျော့နည်းသွားပြီ၊ ဝန်ထမ်းတွေ အပြင်လွှတ်ပို့တာ သိသာထင်ရှားရင် စီမံခန့်ခွဲမှုဘုတ်အဖွဲ့နဲ့ ခေါ်ယူသတိပေးတာတွေ၊ ပြင်းပြင်းထန်ထန်အရေးယူတာတွေ လုပ်ဆောင်သွားမယ်" လို့ ပြောပါတယ်။
သတင်း-မင်းထီး