အမွှမ်းတင်လွန်းရင် အာဏာရှင်နှင့်တိုးမည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ် သတိပေး
အာကာ
·
August 29, 2018
နိုင်ငံ့အကြီးအကဲတွေကို အမွှမ်းတင်လွန်းရင် အာဏာရှင်တွေနဲ့ တိုးနေမယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောဆိုလိုက်ပါတယ်။
ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမမှာ သြဂုတ်လ ၂၈ ရက်က ပြုလုပ်တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ရန်ကုန်မြို့ တက္ကသိုလ်တွေက ကျောင်းသားကျောင်းသူတွေရဲ့ ရသစာပေစကားဝိုင်းမှာ အခုလိုပြောဆိုခဲ့တာပါ။
ဆွေးနွေးပွဲ ပထမပိုင်းမှာ ရသစာပေနဲ့ပတ်သက်လို့ ဝတ္ထုတခု စွဲဆောင်မှုရှိဖို့ ဇာတ်ဆောင် တွေရဲ့အတွေးအခေါ်နဲ့ ဇာတ်လမ်း ဘယ်အရာက ပိုအရေးကြီးလဲကို ဆွေးနွေးခဲ့ပြီး စကားဝိုင်းမှာ ပါဝင်တဲ့ ကျောင်းသားတဦးက ဇာတ်ကားတကားကောင်းဖို့ ဒါရိုက်တာက အရေးကြီးဆုံးဖြစ်ပြီး လက်ရှိနိုင်ငံ့ခေါင်းဆောင်တွေကို ဒါရိုက်တာနဲ့ခိုင်းနှိုင်းကာ ဇာတ်ကောင်းအောင် ဒါရိုက်တာတွေက ဘယ်လိုလုပ်ဆောင်နိုင်မလဲလို့ ဆွေးနွေးသွားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က “အခုလို နှိုင်းယှဉ်လိုက်တော့ ကောင်းပါတယ်။ ဒါရိုက်တာက ထိုင်ပြီး ရုပ်ရှင်တခုလုပ်လို့ မရဘူး။ ရုပ်ရှင်တခုဖြစ်ဖို့ဆိုရင် သရုပ်ဆောင်တွေကလည်း အရေးကြီးတယ်။ သရုပ်ဆောင်ဆိုတာ ပြည်သူ ပြည်သားတွေပေါ့။ ပြည်သူတွေ ပါကိုပါရမယ်။ ရုပ်ရှင်တခု အောင်မြင်ဖို့ ဒါရိုက်တာ သရုပ်ဆောင် တော်ရုံနဲ့ မရဘူး။ ကင်မရာလည်းကောင်းဖို့ လိုတယ်။ အသေးအဖွဲလေးတွေကအစ အရေးကြီးတယ်။ ရုပ်ရှင်ဇာတ်လမ်းတခုနဲ့ ကိုယ့်နိုင်ငံကို နှိုင်းယှဉ်မယ်ဆိုရင် အောင်မြင်အောင် အဘက်ဘက်ကပါမှ ဖြစ်မယ်။ အရေးကြီးဆုံးက ဇာတ်ဆောင်ပဲ။ ဇာတ်ဆောင်သာတော်ရင် တော်ရုံဇာတ်က စွဲဆောင်မှုရှိပါတယ်။ အဲဒါကြောင့် ပြည်သူသာထက်မြက်ရင် စိတ်ထားမှန်ရင် နိုင်ငံတနိုင်ငံဟာ တိုးတက်မှာပဲ။ ဒါရိုက်တာတွေကို သိပ်ပြီး အမွှမ်းတင်လွှန်းရင် အာဏာရှင်တွေနဲ့ သွားတိုးနေဦးမယ်နော်။ သတိထား” လို့ ပြောပါတယ်။
ရသစာပေစကားဝိုင်းဆွေးနွေးပွဲမှာ ဝတ္ထု၊ ကဗျာ၊ စာကြည့်တိုက်တွေအကြောင်းကို ကျောင်းသား ကျောင်းသူတွေနဲ့ အကျယ်တဝင့် ဆွေးနွေးခဲ့ပါတယ်။