ပျော်ဘွယ်မြို့နယ်၌ ကလေးငယ် ၁ ဦး ခွေးများ ဝိုင်းကိုက်ခံရ၍ ဒဏ်ရာအပြင်းအထန်ရ သေဆုံး
DVB
·
August 15, 2018
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်မှာ ကလေးတယောက်ကို ခွေးတွေ ဝိုင်းကိုက်ခံရပြီးနောက် သေဆုံးသွားတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
မနေ့မနက် ၉ နာရီခွဲက ပျော်ဘွယ်မြို့နယ်၊ ဒီးဒုတ်ကုန်းရွာနေ အသက် ၄ နှစ်အရွယ် မဖူးဝေအောင်ဟာ အိမ်အပြင်ဘက်ကို ထွက်သွားရာမှာ အိမ်အနီးဓမ္မာရုံနားက ခွေးလေခွေးလွင့် ၅ ကောင်က ဝိုင်းကိုက်တာ ခံခဲ့ရပါတယ်။
ဒါကြောင့် ကလေးငယ်ရဲ့ ခေါင်းတခုလုံး စုတ်ပြဲပြီး ခန္ဓာကိုယ်မှာလည်း စိုးရိမ်စရာ ဒဏ်ရာတွေရလို့ ၁၀ နာရီ ၄၅ မိနစ်အချိန်မှာ ယင်းတော်တိုက်နယ်ဆေးရုံကို တင်ပို့ခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒါပေမယ့် ရောက်ပြီး မိနစ် ၂၀ လောက်အကြာမှာ သေဆုံးသွားခဲ့လို့ ပျော်ဘွယ်မြို့မ ရဲစခန်းမှာ သေမှုသေခင်းဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - လရောင်