စွန့်ပစ်ပစ္စည်း ကောက်သူကို လက်နက်ကိုင် ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်
DVB
·
August 8, 2018
တာချီလိတ်မြို့မှာ စွန့်ပစ်ပစ္စည်း ကောက်သူတဦးကို အမည်မသိလက်နက်ကိုင် ၂ ဦးက သြဂုတ် ၆ ရက်နေ့ ညပိုင်းက သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ တာချီလိတ်မြို့မရဲစခန်းက ပြောပါတယ်။
တာချီလိတ်မြို့ လွယ်စတုံအမှိုက်ပုံအနီးမှာ ည ၉ နာရီလောက် တွန်းလှည်းတွန်းနေချိန် ကားပေါ်က လူ ၂ ဦး ဆင်းလာပြီး သေနတ်နဲ့ ၄ ချက် ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
"ဘာကြောင့် ပစ်လဲဆိုတာတော့ မသိဘူး၊ ဘယ်သူတွေလဲ ဆိုတာလည်း အခုစုံစမ်းတုန်း ရှိပါသေးတယ်။ သေနတ်အပစ်ခံရတဲ့သူတော့ ကျန်းမာရေးအခြေအနေ ကောင်းပါတယ်။ လူကိုထိတာ ၃ ချက်ပါ။ လည်ပင်းဖောက်ထွက် ဒဏ်ရာရယ်၊ လက်မောင်းနဲ့ ပေါင်တွေကို ထိသွားတာပါ။ လည်ပင်းက ဒဏ်ရာက လေပြွန်ကို မထိတဲ့အတွက် မေးမြန်းလို့ ရတယ်” လို့ တာချီလိတ်မြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးလွင်က ပြောပါတယ်။
သေနတ်ပစ်ခတ်ခံရသူဟာ တပ်မတော်က အရာရှိတဦးကို သေနတ်နဲ့ ပြန်လည်ပစ်ခတ်တဲ့အတွက် ထောင်အနှစ် ၂၀ ကျနေရာက၂၀၁၄ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လည်လွတ်မြောက်လာသူ ဖြစ်ပါတယ်။
သေနတ်ပစ်ခတ်မှုကိုတော့ တာချီလိတ်မြို့မရဲစခန်းက (ပ)၂၆၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၂၆ နဲ့ ဖွင့်လှစ် အရေးယူထားပါတယ်။
ကိုဇက်