မဒေါက်၊ ဘားအံနှင့် သာပေါင်းမြို့တို့၏ မြစ်ရေ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ
DVB
·
August 4, 2018
မဒေါက်မြို့၊ ဘားအံမြို့နဲ့ သာပေါင်းမြို့တို့ရဲ့ မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေပြီး မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေ သတိပြုနေထိုင်ကြဖို့ မိုးဇလက သတိပေးချက် ထုတ်ပြန်ပါတယ်။
ဒီနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်အရ စစ်တောင်းမြစ်ဟာ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၄ ပေလောက် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ၁ ပေလောက် ကျဆင်းနိုင်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။
သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၄ ပေခွဲလောက် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ၁ ပေခွဲလောက် ကျဆင်းနိုင်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။
ငဝန်မြစ်ရေဟာ သာပေါင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ပေဝက်လောက် ကျော်လွန်နေပြီး နောက် ၃ ရက်အတွင်း ပေဝက်လောက် တက်လာနိုင်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။
ချင်းတွင်းမြစ်ရေဟာ မုံရွာမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲလောက် ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်ပါတယ်။
မဒေါက်မြို့၊ ဘားအံမြို့နယ်၊ သာပေါင်းမြို့နယ်နဲ့ မုံရွာမြို့တို့ရဲ့ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေ အထူးသတိပြု နေထိုင်ကြပါဖို့ မိုးဇလက အကြံပြုထားပါတယ်။