Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ယခင်နှစ်ထက် ပိုများ
Aung Ko Latt
·
August 4, 2018
blood
၂၀၁၈ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုကြောင့် လူ ၈ ဦး သေဆုံးခဲ့ပြီး ပြီးခဲ့တဲ့နှစ်ထက် ပိုများလာပါတယ်။ ၂၀၁၇ ခုနှစ် တနှစ်လုံးမှာ တစ်တိုင်းလုံးအနေနဲ့ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၁၄၆၂ ယောက်ရှိပြီး ၆ ယောက်သေဆုံးခဲ့ကာ အခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လကုန်ထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၉၅၀ ကျော်ရှိပြီး ၈ ဦးထိ သေဆုံးနေတာပါ။ သွေးလွန်တုပ်ကွေးကို ယင်းမာပင်၊ ကလေး၊ ပုလဲ၊ မုံရွာ၊ ဆားလင်းကြီး စတဲ့မြို့နယ်တွေမှာ အဖြစ်များနေပြီး ယင်းမာပင်မြို့နယ်ကတော့ ဖြစ်ပွားသူ ၁၅၀ ကျော်ထိရှိကာ ၃ ယောက်ထိ သေဆုံးနေတာကြောင့် အများဆုံးဖြစ်နေပါတယ်။ သွေးလွန်တုပ်ကွေးရောဂါက အေးဒီးစ်ခေါ်တဲ့ ခြင်ကြားကြောင့် ဖြစ်ပွားရတာပါ။ သွေးလွန်တုပ်ကွေးပျံ့နှံ့လာတာက ကမ္ဘာကြီးပူနွေးလာမှု၊ သယ်ယူပို့ဆောင်ရေးများပြားလာမှု၊ ခရီးသွားများပြားလာမှု၊ တုပ်ကွေးဗိုင်းရပ်မျိုးတွေ အဆင့်ဆင့်ပြောင်းလဲလာမှု စတဲ့အချက် ၄ ချက်အပေါ် မူတည်ပြီးဖြစ်ပေါ်နေတာပါ။ ရာသီမရွေးဖြစ်ပွားနိုင်ပြီး အများသောအားဖြင့် ရာသီအကူးအပြောင်းကာလတွေမှာဖြစ်ကာ ၁၅ နှစ်အောက်ကလေးတွေမှာ ပိုမိုဖြစ်ပွားတတ်တာပါ။ ဖုံးသွန်လဲစစ်လုပ်ငန်းတွေကို နေ့စဉ်လုပ်ဆောင်မှသာ သွေးလွန်တုပ်ကွေးရောဂါက ကွာကွယ်နိုင်မယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောပါတယ်။ “မနှစ်ကထက် အဘိတ်ဆေးဖြန့်တာ၊ ခပ်တာတွေကို ပိုမိုလုပ်ဆောင်ထားတယ်။ ဧပြီလကနေစပြီး မြို့နယ်တိုင်းမှာ အနုစိပ်စီမံချက်တွေနဲ့ မြို့နယ်လုံးကျွတ်မခပ်နိုင်ပေမယ့် ဖြစ်နိုင်ချေရှိတဲ့ နေရာတွေကို ကြိုတင်မှန်းဆပြီးတော့ အဘိတ်ဆေးဖြန့်ဝေတာတွေရှိပါတယ်။ မနှစ်ကတော့ ရာသီဝင်တာ စောတဲ့အတွက် လူမှုရေးဝန်ကြီးပါတဲ့ တိုင်းအဆင့်စီမံချက်နဲ့ လုပ်ဆောင်ခဲ့ပါတယ်။ ဒီနှစ်တော့ တုပ်ကွေးရာသီက နောက်ကျပါတယ်။ စစ်ကိုင်းတိုင်းမှာတော့ နာဂဒေသက မဖြစ်သလောက်ဘဲ။ ရာသီဥတုနဲ့ မြေပြင်အနေအထားကြောင့်ပေါ့။ ခြင်နှိမ်နင်းရေးအပြင် ပိုးလောက်လန်းနှိမ်နင်းရေးတွေပါ ပူးတွဲလုပ်ဆောင်ရတယ်။ လုပ်ဆောင်တဲ့အခါမှာ တအိမ်တည်း၊ တမိသားစုတည်းလုပ်လို့မရပါဘူး။ ရပ်ကွက်၊ ကျေးရွာ အကုန်လုံး ပါဝင်မှရမှာ။ ဖုံးသွန်လဲစစ်ဆိုတာတွေကိုလည်း နေ့စဉ်လုပ်နေမှ ရမှာပါ။ ကျန်းမာရေးဌာနတခုတည်းနဲ့ မအောင်မြင်နိုင်ဘူး။ အားလုံးပူးပေါင်းပါဝင်မှ အောင်မြင်နိုင်မှာပါ” လို့ ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာန (ရ.ပ.က.န) တိုင်းတွဲဖက် အဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်ရဲကျော်က ပြောပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ စာရင်းထုတ်ပြန်ချက်အရ ကမ္ဘာမှာ နှစ်စဉ် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုက လူဦးရေ သန်း ၄၀၀ ထိ ရောဂါကူးစက်ပျံ့နှံ့နေတယ်လို့ ဖော်ပြထားပါတယ်။ သွေးလွန်တုပ်ကွေးရောဂါက ခြင်ကြောင့်ဖြစ်ပွားတာဖြစ်ပြီး ခြင်မပေါက်ဖွားနိုင်အောင် နေ့စဉ်ဆောင်ရွက်ရမယ့် အချက်တွေကိုလည်း ကျန်းမာရေးဌာနက လက်ကမ်းစာစောင်တွေ ဖြန့်ဝေထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013