ကော့သောင်းမြို့နယ်တွင် မြေပြို ၄ ဦးသေ၊ ၁ ဦး ဒဏ်ရာပြင်းထန်
နော်နိုရင်း
·
July 30, 2018
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ပလုံးတုံတုံးကျေးရွာမှာ ဒီကနေ့မနက် ၆ နာရီလောက်က တောင်ပြိုမှုဖြစ်ပွားခဲ့လို့ လူ ၄ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။
မနက်အစောပိုင်းက တောင်ပြိုတဲ့အတွက် တောင်ကမ်းပါးမှာ ဆောက်ထားတဲ့ အိမ်ငါးလုံး ပြိုကျခဲ့တာဖြစ်ပြီး သေဆုံးသူ ၄ ဦးထဲက သုံးဦးဟာ မိသားစုတွေ ဖြစ်တယ်လို့ ဒေသခံ ရွာသား ဦးဝင်းနိုင်က ပြောပါတယ်။
“တောင်ပြိုတာ အိမ် ငါးလုံးပါတယ်။ အဲဒီမှာ သေတာ မိသားစု သုံးယောက်ပေါ့နော်။ တခြားအိမ်က ကောင်မလေးတယောက်လည်း အိမ်နောက်ခန်းပြိုပြီး သူလည်း ဆုံးသွားတယ်။ ကျန်တဲ့တယောက်က မြေကြီးထဲ ပိမိလို့ ရွာသားတွေ ဝိုင်းကယ်တော့ တယောက်တော့ ရှင်တယ်။”
သေဆုံးသူ ၄ ဦးမှာ ၁၀ နှစ်အရွယ်ကလေး တယောက်၊ ၁၈ နှစ်လောက်အရွယ် မိန်းကလေးတယောက်နဲ့ အသက် ၄၀ လောက်အရွယ် ဇနီးမောင်နှံ နှစ်ယောက် ပါတယ်လို့ ပြောပါတယ်။
ဒဏ်ရာရရှိတဲ့သူတွေကိုတော့ ၆ မိုင်စစ်ဆေးရုံကို ပို့ဆောင်ကုသနေပြီး သေဆုံးသူကိုတော့ ၂ မိုင် ပြည်သူ့ဆေးရုံမှာ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ပလုံးတုံတုံးကျေးရွာဟာ ကော့သောင်းမြို့နဲ့ ၄ မိုင်လောက်ဝေးတဲ့ ရေလယ်ကျွန်းရွာ ဖြစ်ပြီး အိမ်ခြေ ၂၀၀၀ ခန့်ရှိပါတယ်။