လေဖိအားနည်းရပ်ဝန်း ပိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိ
DVB
·
July 21, 2018
ဒီနေ့မြန်မာစံတော်ချိန် ၁၃:၃ဝ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ် (Depression) တခုအဖြစ်သို့ ရောက်ရှိခဲ့ပြီလို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
မုန်တိုင်းငယ်ဟာ အိန္ဒိယနိုင်ငံ၊ ဘလာဆော(Balasore) မြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် (၆၆) မိုင်ခန့်၊ ဒီဂါ(Digha) မြို့ရဲ့ တောင်-အရှေ့တောင်ဘက် (၄၆) မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။
အဆိုပါ မုန်တိုင်းငယ်(Depression) ဟာ အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားပြီး၊ ဒီနေ့ ညနေပိုင်း အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေမြောက်ပိုင်းကို ဘလာဆော (Balasore)မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းငယ်(Depression) ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်ကို ဦးတည် ရွေ့လျားမယ့် အခြေအနေမရှိလို့ အဝါရောင်အဆင့် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာတော့ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။