ပြင်ဦးလွင်တွင် ကော်ဖီမစိုက်ဘဲပစ်ထားသည့် စီမံကိန်းမြေများကို ပြန်ပေးမည်
DVB
·
July 21, 2018
ပြင်ဦးလွင်မြို့နယ်က ကော်ဖီမစိုက်ဘဲ ပစ်ထားတဲ့ စီမံကိန်းမြေတွေကို ပြန်လည်စိစစ်ပြီး တကယ် ကော်ဖီစိုက်မယ့် တောင်သူတွေကို ပြန်ပေးသွားဖို့ စီစဉ်ထားတယ်လို့ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်က ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ မြို့တော်ခန်းမမှာ ဇူလိုင် ၂၁ ရက်နေ့ ပြုလုပ်တဲ့ ၄ ကြိမ်မြောက် နိုင်ငံတကာအဆင့် အကောင်းဆုံးကော်ဖီအရည်အသွေးဆုရရှိသူ သုံးဦးကို မြန်မာနိုင်ငံ ကော်ဖီအသင်းက ဆုချီးမြှင့်တဲ့ပွဲမှာ အခုလို ပြောကြားခဲ့တာပါ။
“အခုလို ကမ္ဘာနဲ့ယှဉ်ပြီး ကောင်းမွန်တဲ့ အရည်အသွေးရှိတဲ့ ကော်ဖီတွေ ထုတ်လုပ်လာနိုင်တဲ့အတွက် ကော်ဖီစိုက်တောင်သူတွေကို ဂုဏ်ပြုကြိုဆိုတယ်။ ကော်ဖီစိုက်စီမံကိန်း ဧရိယာအတွင်းက မစိုက်ဘဲ ပစ်ထားတဲ့မြေတွေကို ပြန်လည်စိစစ်ပြီး တကယ့်ကို ကော်ဖီစိုက်စားမယ့် တောင်သူတွေကို ပြန်လည်ပေးဖို့ စီစဉ်ထားတယ်” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ကပြောပါတယ်။
ပြင်ဦးလွင်မြို့နယ်အတွင်း မြေလွတ်မြေရိုင်းမြေတွေပေါ်မှာ ဧက ၁၆၀၀၀ ကျော်နဲ့ သစ်တောမြေပေါ်မှာ ဧက ၁၂၀၀၀ ကျော်ကို ကော်ဖီစိုက်ခင်းအဖြစ်ချထားပေးတာပါ။ ၂၀၁၆ ခုကတည်းကစပြီး မစိုက်ဘဲထားတဲ့မြေတွေကို လိုက်လံစိစစ်နေတာဖြစ်ပြီး လုံးဝမစိုက်ပျိုးသေးတဲ့ မြေဧက ၇၅ ရာခိုင်းနှုန်းကို အမှန်တကယ်စိုက်ပျိုးမယ့် တောင်သူတွေလက်ထဲကို လာမယ့် ဒီဇင်ဘာလထဲ ပြန်လည်ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ ကော်ဖီအသင်း ဥက္ကဋ္ဌ ဦးရဲမြင့်က “ကျနော်တို့ကော်ဖီတွေ ကမ္ဘာမှာ ဒီထက်မက ရှေ့ရောက်ပြီးတိုးတက်ဖို့ နည်းပညာပိုင်းဆိုင်အထောက်အကူတွေ၊ ကုန်ထုတ်လုပ်မှုအပိုင်းတွေကို အစိုးရဘက်က ကူညီပေးဖို့လိုအပ်တယ်။ ဒါမှသာ ဒီထက်မက ကမ္ဘာကိုထိုးဖောက်နိုင်မှာဖြစ်တယ်။ အခုဆို ကမ္ဘာကို ရင်ပေါင်တန်းနိုင်တဲ့ အရည်အသွေးပြည့်မီတဲ့ ကော်ဖီလုပ်ငန်းရှင်တွေ အခုဆိုပေါ်လာပြီ။ ဒီထက်မကပေါ်ပေါက်လာဖို့ အစိုးအနေနဲ့ ကူညီပေးပါ” လို့ ပြောပါတယ်။
ဆုချီးမြှင့်ပွဲကို ကော်ဖီစိုက်တောင်သူ ၅၀ ကျော်၊ နန်းမြိုင်ကော်ဖီ၊ စည်သာကော်ဖီ ဉာဏ်ကြီးရှင်ကော်ဖီ စတဲ့ကော်ဖီခြံတွေက တာဝန်ရှိသူတွေ၊ ကော်ဖီပညာရှင်တွေ၊ စည်ပင်သာရေးကော်မတီ တာဝန်ရှိတို့ တက်ရောက်ခဲ့ကြပါတယ်။