ဖားကန့်တွင် ကမ်းပါးနံရံပြိုကျ၊ လူအမြောက်အမြား သေဆုံးနိုင်
DVB
·
July 14, 2018
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဆန်ခါကျေးရွာအနီးက မဟာအစပထမ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီမှ ကျောက်စိမ်းလုပ်ကွက် ကမ်းပါးနံရံပြိုကျမှု ဒီနေ့မွန်းလွဲ ၂ ကျော်က ဖြစ်ပွားခဲ့လို့ လူအမြောက်မြား သေဆုံးနိုင်တယ်လို့ သိရပါတယ်။
ပြိုကျတဲ့တွင်းမှာ ကိုယ်တိုင်သွားရောက်ရှာဖွေနေခဲ့သူ တယောက်က “အနားက ကုမ္ပဏီတခုက မိုင်းခွဲနေတယ်။ ခုပြိုတာကလည်း မိုင်းခွဲပြီး သိပ်မကြာခင်မှာပဲ။ တွင်းတူး ရှာနေသူ ၂ဝဝ ကျော်ရှိတယ်။ အားလုံးနီးပါး ပါသွားတာလေ။ ဘက်ဟိုးတစီးလည်း ပါသွားတယ်။ သေတဲ့သူ ၁၅ဝ လောက်တောင် ရှိနိုင်တယ်” လို့ ပြောပါတယ်။
ဆန်ခါကျေးရွာ Green Land မှ ကိုနောင်လတ်က “ဒဏ်ရာရတဲ့လူက ခုလေးဆယ်ကျော်ပြီ။ အလောင်းက ခု ဆယ်လောင်းတွေ့ပြီ ဖော်နေတုန်းပဲ။ လူက တော်တော်သေနိုင်တယ်" လို့ ကိုနောင်လတ်က ပြောပါတယ်။
ခုလို ပြိုရတာဟာ ကျောက်တူးဖော်ရေး ကုမ္ပဏီတွေ ဖြစ်တဲ့ တစ်သုံးလုံး၊ တောက်ပကြယ် အလင်း၊ ရတနာအဓိပဓိ၊ ကြွယ်ဝဆုံး၊ မြန်မာဝင်ဂိတ် စတဲ့ ကုမ္ပဏီတွေရဲ့ မိုင်းဖောက်ခွဲမှုတွေကြောင့်လို့လည်း သူက ဆက်လက်ပြောဆိုခဲ့ပါတယ်။
ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က “လုံးခင်းဘက်က မဟာအစပထမ လုပ်ကွက်ထဲမှာ နေ့လယ် ၂ နာရီနဲ့ ၁ဝ မိနစ်လောက်ဖြစ်တာပါ။ ဒဏ်ရာရသူတွေကတော့ သုံးဆယ်ကျော်ပြီ။ သေဆုံးသူအလောင်းကတော့ လောလောဆယ် သုံးလောင်းတော့ရှိပြီ" လို့ ပြောပါတယ်။
ဆက်သွယ်ရေးအခက်အခဲကြောင့် နောက်ဆုံးအခြေအနေကို မသိရသေးဘူးလို့လည်း ဆက်လက်ပြောဆိုခဲ့ပါတယ်။
ဒီတွင်းနေရာမှာပဲ မနှစ်ကလည်း ပြိုကျပြီး လူ ၅ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ၂ဝ၁၈ ခုနှစ်အတွင်း မြေပြိုမှု၊ ကမ်းပါးပြိုကျမှု ၁၁ ကြိမ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၇၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၇ ဦး ရှိခဲ့ပါတယ်။