ငြိမ်းချမ်းရေးညီလာခံကနေ လက်တွေ့ကျကျ ဘာတွေမျှော်လင့်လို့ရမလဲ - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
DVB
·
July 11, 2018
ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ ဇူလိုင် ၁၁ ရက်ကနေ ၁၆ ရက်နေ့အထိ နေပြည်တော်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယပင်လုံ ပြန်လုပ်ဖို့ ရှိနေပါတယ်။ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သဘာဝသယံဇာတဆိုတဲ့ ခေါင်းစဉ် ၅ ခု ခွဲပြီး ဆွေးနွေးမှာပါ။ ငြိမ်းချမ်းရေး၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့ရယ်၊ မထိုးထားတဲ့ ၁၀ ဖွဲ့ထဲက မြောက်ပိုင်းမဟာမိတ် အပါအဝင် ၈ ဖွဲ့တက်ဖို့ ရှိနေပါတယ်။ အဲဒါနဲ့ပတ်သက်လို့ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးအလားအလာ နီးပြီလားဆိုတာ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးနဲ့ The Voice အယ်ဒီတာ ဦးဇေယျသူတို့ ဖြစ်ပါတယ်။
ဦးတိုးဇော်လတ် (ဒီဗွီဘီ)
“အန်စီအေသဘောအရတော့ ခြောက်လတခါ တွေ့ရမှာ။ မတွေ့နိုင်လို့လည်း တနှစ် ကြာခဲ့တယ်။ ဒီညီလာခံ ရွှေ့လာတာလည်း များလာပါပြီ။ ဒီတခေါက်တော့ တွေ့မယ်၊ လူလည်းစုံမယ်၊ ဒါပေမယ့် ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ နိုင်ငံရေးအရ ရလဒ်နည်းပြီးတော့ တခြားဟာတွေ များမယ်လို့ ပြောထားတယ်။ အဲဒီတော့ ငြိမ်းချမ်းရေးညီလာခံကနေ လက်တွေ့ကျကျ ဘာတွေ မျှော်လင့်လို့ရတယ်၊ ဘယ်ဟာတွေကို အဓိက စောင့်ကြည့်ရမလဲ ဆရာ့အနေနဲ့ စပြီး ဆွေးနွေးပေးပါဦး။”
ဦးမောင်မောင်စိုး (နိုင်ငံရေး လေ့လာသုံးသပ်သူ)
“ဒီညီလာခံဟာ အန်အယ်လ်ဒီအစိုးရ လက်ထက်မှာ တတိယမြောက် ညီလာခံလည်း ဖြစ်တယ်။ ဒုတိယအကြိမ် ညီလာခံ ကျင်းပပြီး တနှစ်ကျော်မှ ကျင်းပလို့ရတဲ့ ညီလာခံလည်း ဖြစ်ပါတယ်။ အန်စီအေ သဘောတူစာချုပ်အရဆိုရင် ခြောက်လတကြိမ် ကျင်းပရမှာ ဖြစ်ပေမယ့် ဒီကြားထဲမှာ သဘောတူညီချက်တွေရဖို့ ခက်ခဲနေတဲ့ အတွက်ကြောင့် ညီလာခံ နောက်ဆုတ်သွားရတယ်လို့ ကျနော်တို့ နားလည်ပါတယ်။ လုပ်ငန်းစဉ်အပိုင်းရ ပြောမယ်ဆိုရင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနဲ့ ပတ်သက်လို့ သဘောတူညီချက်တွေ မရကြဘူး။ အားလုံးလက်ခံနိုင်တဲ့ အဖြေတခု မရခဲ့ဘူး။ တဖက်က ပြောမယ်ဆိုရင်လည်းပဲ နိုင်ငံရေးဆွေးနွေးပွဲမှာ အဓိကကျတဲ့ တိုင်းရင်းသားအခွင့်အရေး၊ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ သဘောကဏ္ဍရယ်၊ လုံခြုံရေးဆိုင်ရာ ကဏ္ဍတွေမှာ သဘောတူညီချက်ရဖို့ ခက်ခဲနေတဲ့အချိန်မှာ ဒါတွေကို ကျော်လွှားပြီးတော့ လုပ်တဲ့ညီလာခံလို့ ပြောရပါမယ်။ ဒီညီလာခံမှာ အန်စီအေ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေအနေနဲ့ သဘောတူညီချက် ရယူမှာကတော့ ဒီမိုကရေစီကဏ္ဍနဲ့ သက်ဆိုင်တဲ့ ကျား၊ မ ခွဲခြားမှု၊ နောက်ပြီးတော့ မြေယာနဲ့ သယံဇာတ၊ စီးပွားရေးနဲ့ဆိုင်တဲ့ ကဏ္ဍတွေမှာ သဘောတူညီချက်အချို့ ရယူဖို့ ဆောင်ရွက်ကြမယ်လို့ သိရတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တနှစ်ကျော် ရပ်တန့်နေတာနဲ့စာရင် ဒီဟာကို ဆက်ပြီးသယ်ဆောင်တာ ကြိုဆိုရမယ့် အချက်ပါပဲ။ ကျနော်တို့အနေနဲ့ကတော့ ဒီညီလာခံမှာ သိပ်မျှော်လင့်လို့ မရသေးပါဘူး။ နောက်တပိုင်းကတော့ ဒီညီလာခံမှာ လူစုံမယ်လို့ ပြောကြတယ်။ ဆိုလိုတာကတော့ အန်စီအေ လက်မှတ်မထိုးတဲ့အဖွဲ့တွေ တက်ကြမယ်။ အရင်တခေါက်ကလည်း တက်ပါတယ်၊ မြောက်ပိုင်း ၇ ဖွဲ့ တက်တယ်။ ဒါပေမယ့် ဆွေးနွေးခွင့်မရှိလို့ ပြန်သွားတယ်။ ဒီတခေါက်မှာလည်းပဲ နိုင်ငံရေးဆွေးနွေးပွဲ လမ်းကြောင်းမှာ သူတို့ ဘယ်လိုဆက်ပါဝင်သွားမယ်ဆိုတာကို လမ်းစမရှာနိုင်သေးရင် ဖွင့်ပွဲလာတက်တယ်၊ ပြီးရင် ပြန်တယ်ဆိုတဲ့အဆင့်ပဲ ဖြစ်မှာ။ ဒီတခေါက် တတိယအကြိမ် ညီလာခံကို ပြောမယ်ဆိုရင်တော့ အများကြီး မျှော်လင့်လို့တော့ မရပါဘူး။ ဒါပေမယ့် ငြိမ်းချမ်းရေး Process တခု အသက်ဆက်ဖို့အတွက် လိုအပ်တဲ့ ခြေလှမ်းတလှမ်းလို့ပဲ ပြောရမယ် ထင်ပါတယ်။”
ဦးတိုးဇော်လတ် (ဒီဗွီဘီ)
“ဆရာကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို Process အနေနဲ့ ကြည့်မယ်ဆိုရင် Process အရ လုပ်တာပေါ့နော်။ ဒါကို သိပ်မျှော်လင့်လို့ မရသေးဘူး။ နိုင်ငံရေးအရတော့ သိပ်သဘောတူညီမှု မရှိနိုင်သေးလို့ပေါ့။ ဆရာဇေယျသူကိုလည်း မေးပါရစေ။ အစုအဖွဲ့တွေထဲမှာ စီးပွားရေးဘက်က ပြောတယ်ပေါ့။ အခု ငြိမ်းချမ်းရေးညီလာခံမှာတော့ နိုင်ငံရေးတို့၊ လုံခြုံရေးတို့ ခက်တော့ တခြား လွယ်တဲ့ဘက်က လှည့်လုပ်တယ်ဆိုပြီးတော့ အများစုက ထင်ကြတယ်။ စီးပွားရေးဘက်က ဘာတွေ ပေါင်းလုပ်နိုင်တာတွေ ရှိနိုင်မလဲ။ ဆရာ့အနေနဲ့ ဒီညီလာခံကနေ ဘာတွေများ မျှော်လင့်လို့ရမယ်၊ ခက်ခဲတာတွေအပြင် လက်တွေ့ တခြားလွယ်မယ့်အပိုင်းတွေကနေ ဘာတွေကိုတော့ စောင့်ကြည့်ဖို့ လိုအပ်လဲဆိုတာ ဖြည့်စွက်ဆွေးနွေးပေးပါဦး။”
ဦးဇေယျသူ (The Voice အယ်ဒီတာ)
“ငြိမ်းချမ်းရေးညီလာခံ လုပ်ဖြစ်တာကိုက အောင်မြင်မှုပေါ့။ ဆရာပြောသလို ခြောက်လတကြိမ် လုပ်ရမယ့်ဟာ။ အခုမှ လုပ်ဖြစ်တယ်ဆိုတော့ ဒါကိုက အခက်အခဲကို ဖော်ပြနေတာ။ အခု နောက်ဆုံးကျတော့ ဒီ ဇူလိုင်လမှာ လုပ်လိုက်နိုင်ပြီဆိုတော့ ဒါကိုက အောင်မြင်မှုပေါ့။ ငြိမ်းချမ်းရေးညီလာခံ မလုပ်ခင် ဆွေးနွေးကြတဲ့အခါမှာ၊ အပြင်မှာလည်း ငြိမ်းချမ်းရေးထဲမှာပါတဲ့ ပလေယာတွေ တွေ့ကြတဲ့အခါမှာ ဘာကို စိုးရိမ်ကြလဲဆိုတော့ တွေ့ပြီး မဆွေးနွေးဖြစ်လိုက်ရင် တိုက်ပွဲတွေ ပိုဖြစ်လာမှာတို့၊ တိုက်ပွဲမဖြစ်တဲ့ နေရာတွေမှာပါ ဖြစ်လာမှာတို့ တကယ့် ပလေယာကြီးတွေကိုယ်တိုင်က စိုးရိမ်နေကြတာ။ ဥပမာ သင်္ကြန်တုန်းက မဆွေးနွေးဖြစ်ဘူးဆိုရင် အဲဒီအချိန်အတွင်းမှာ တိုက်ပွဲဖြစ်မှာ စိုးရိမ်နေတဲ့သူတွေ ရှိတယ်။ ဒီလူတွေကလည်း ထဲထဲဝင်ဝင် သိနေကြတော့ စိုးရိမ်နေကြတော့ ဆွေးနွေးတာက မဆွေးနွေးတာထက် ပိုကောင်းတယ်ပေါ့။ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မပါသလောက်ပဲပေါ့။ သူတို့နဲ့လည်း တိုက်ပွဲတွေ ဖြစ်ကြတာတွေ ရှိတဲ့အခါကျတော့။ အရင်တခေါက်က ကျနော်မှတ်မိတာ နောက်ဆုံးအချိန်ကျမှ သူတို့က ကူမင်းကနေ လေယာဉ်စီးပြီး ရောက်လာတယ်။ အခုကျတော့ သဘောတူတာက မတိုင်ပင်ခင်ကတည်းက ကြိုပြီး သဘောတူတာဆိုတော့ ဖြစ်စဉ်ထဲမှာများ ဘယ်လိုတွေ နဂိုညှိနှိုင်းထားလို့ အောင်မြင်လို့ သူတို့ စောစောစီးစီး သဘောတူလိုက်တာပေါ့။ ဒါတွေလည်း စဉ်းစားဖို့လိုပါတယ်။ နိုင်ငံရေးတို့ ဘာတို့ကတော့ ပူပူလောင်လောင်နဲ့ ဆွေးနွေးရတာများတယ်။ တချို့နေရာလေးတွေမှာ ရပ်သွားတာတွေ ရှိတယ်။ အဲဒီအခါကျတော့ စီးပွားရေးလိုဟာမျိုးကျတော့ Technical ပေါ့။ နည်းပညာနဲ့ဆိုင်တယ်။ များသောအားဖြင့် ကောင်းတာတွေပဲ များနေတယ်။ ကောင်းတဲ့ နှစ်ခုက ရွေးချယ်စရာ နှစ်ခု၊ သုံးခုထဲမှာမှ ဘယ်ဟာရွေးမလဲဆိုတာတွေ ဖြစ်နေတယ်ဆိုတော့ အဲဒီဘက်ကနေ သွားချင်တာလို့ မြင်ပါတယ်။ တချို့ဟာတွေကတော့ စကားလုံးလေးတွေ ညှိနှိုင်းရတာ ရှိတယ်။ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ မတူညီကြတာ ရှိတယ်။ ဒါကလည်း တချို့ဟာတွေက စီးပွားရေးသီအိုရီအရ ဖြစ်တာပေါ့။
"တဖက်မှာ ဘာတော့ စဉ်းစားဖို့လိုလဲဆိုတော့ စီးပွားရေးက ဘယ်အပေါ်မှာ မူတည်နေလဲဆိုတော့ နိုင်ငံရေးတို့၊ လုံခြုံရေးတို့။ ဒီကဏ္ဍတွေမှာ လုံခြုံရေးဘက်မှာ စိတ်မချဘူးဆိုရင်၊ လွှတ်မပေးဘူးဆိုရင် တတွဲတည်း ပါမလာနိုင်ဘူး။ ဒီအတိုင်းပဲ နိုင်ငံရေးမှာ အာဏာခွဲဝေတာတို့ နိုင်ငံရေးမှာ သဘောတူညီမှု ရမှာ ဖြစ်တဲ့အတွက်ကြောင့် စီးပွားရေးဘက်မှာ သဘောတူထားလည်း ရချင်မှတော့ ရမယ်။ စီးပွားရေးဘက်မှာ အကျေအလည် ဆွေးနွေးထားလို့ အခြေခံမူတွေ ရထားတယ်ဆိုရင် နိုင်ငံရေးဘက်က ရွေ့တာနဲ့ ဒီဘက်မှာ ဆွေးနွေးစရာ မလိုတော့ဘဲနဲ့ စီးပွားရေးဘက်က ရှေ့ကို နောက်တဆင့် ထပ်ပြီးတော့ ဆွေးနွေးလို့ရတဲ့သဘောလည်း ရှိတယ်။ ဘာပဲပြောပြော ညီလာခံ လုပ်ဖြစ်သွားတာက ကောင်းတယ်လို့ မြင်တယ်။ မတ်လလောက်ကတည်းက လုပ်မယ် လုပ်မယ်နဲ့ အခု မိုးတွင်းရောက်လာပြီဆိုတော့ လုပ်လိုက်တာ ကောင်းပါတယ်။”
အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။