အလုပ်သမားအခွင့်အရေး ရရှိရေး တစ်ရှူးစက်ရုံ အလုပ်သမားများ ဆန္ဒပြ
Aung Aung Naing
·
July 2, 2018
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ၆၅ လမ်း မင်းကြီးရန်နောင်နဲ့ ကုသိုလ်တော်လမ်းကြား (ဂ) ရပ်ကွက်မှာ အင်ပါယာတစ်ရှူးစက်ရုံက အလုပ်သမား ၄ဝ ကျော်က အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိဖို့ ဆန္ဒပြတောင်းဆိုနေကြပါတယ်။
မေလ ၇ ရက်နေ့ကစပြီး စက်ရုံအတွင်းမှာညှိနှိုင်းဖို့ အလုပ်သမားတွေက အလုပ်ရှင်ကို စာတင်ပြီး တောင်းဆိုခဲ့ပေမယ့် မေလ ၁၆ ရက်နေ့အထိ စောင့်ခဲ့ပေမယ့် အလုပ်ရှင်ဘက်က ညှိနှိုင်းဖို့ ပျက်ကွက်ခဲ့ပါတယ်။
မေလ ၁၇ ရက်မှာ မြို့်နယ်အလုပ်သမား ညှိနှိုင်းဆက်ဆံရေးဦးစီးဌာနကို အဓိကအချက် ၅ ချက်ကို ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဖြေရှင်းမပေးခဲ့တဲ့အတွက် ဒီနေ့ အလုပ်သမား ၄ဝ ကျော်က ဆန္ဒထုတ်ဖော် တောင်းဆိုကြတာ ဖြစ်ပါတယ်။
အင်ပါယာ တစ်ရှူးစက်ရုံက အလုပ်သမားသမဂ္ဂအတွင်းရေးမှူး ကိုတင့်ဆွေက “အဓိက အချက်ကတော့ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ကို အလုပ်ရှင်ဘက်က ဖျောက်ဖျက်ပစ်လိုက်တဲ့ စာချုပ်ပါ အချက်အလက်အားလုံးကို ပြောင်းလဲပြင်ဆင်ခြင်းမရှိဘဲ ပြန်လည်ရရှိချုပ်ဆိုရေးနဲ့ ဥပဒေပါ အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝရရှိရေးနဲ့အတူ အချက် ၁၁ ချက်ကို ကျနော်တို့ တောင်းဆိုကြရတာ”လို့ ပြောပါတယ်။
အင်ပါယာတစ်ရှူးစက်ရုံအနေနဲ့ အခုလို အလုပ်သမားတွေတောင်းဆိုနေတဲ့ အချက် ၁၁ ချက်ကို တချက်မှ လိုက်လျောပေးနိုင်ခြင်းမရှိဘူးလို့ အင်ပါယာစက်ရုံ မန်နေဂျာ ဦးအေးမင်းက ပြောပါတယ်။
“အခုအလုပ်သမားတွေတောင်းဆိုနေတာနဲ့ပတ်သက်ပြီး လိုက်လျောဖို့လည်း မရှိဘူး။ ညှိနှိုင်းဖို့လည်း မရှိဘူး။ မှောက်မှောက် သပိတ်မှောက်၊ တလ မဟုတ်ဘူး။ တနှစ်ပဲ မှောက်မှောက် ဘာမှမဖြစ်ဘူး။ တချက်မှ လိုက်လျောမပေးနိုင်ဘူး”
ဟန်နီ၊ အဲရိုး၊ ဂိုးဒင်းအဲရိုး၊၊ ကာတွန့်၊ စစ်ကိုင်းစတဲ့ တံဆိပ်ငါးမျိုးကို ထုတ်လုပ်နေတဲ့ စက်ရုံဖြစ်ပါတယ်။ ၂ဝ၁၁ ခုနှစ် ဧပြီလမှာ စတင်လည်ပတ်ခဲ့တဲ့ စက်ရုံတရုံ ဖြစ်ပါတယ်။
ဆန္ဒပြစက်ရုံအလုပ်သမား ၄ဝ ကျော် တောင်းဆိုချက် ၁၁ ချက်မရမချင်း ဇူလိုင် ၂ ၁၁ ရက်အထိ တောင်းဆိုဆန္ဒပြသွားကြမှာဖြစ်ပြီး တောင်းဆိုချက်တွေကို စက်ရုံဘက်က မလိုက်လျောရင် သက်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းတိုင်ပင်ကာ ဥပဒေအရ တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။