မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို လူတစုက လာရောက်ဖျက်ဆီး
DVB
·
June 29, 2018
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို ဖျက်ဆီးလာလို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ခြောက်လှန့် ပစ်ခတ်ခဲ့ရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။
ဇွန် ၂၈ ရက် ညနေ ၃ နာရီလောက်မှာ တစ်ဖက်နိုင်ငံက လူ ၁၂ ဦးခန့်ဟာ နယ်စပ် ခြံစည်းရိုးကို လာရောက် ဖျက်ဆီးနေတာတွေ့လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အော်ဟစ် မောင်းထုတ်လိုက်တဲ့အတွက် ထွက်ခွာသွားခဲ့ကြတယ်၊ ညနေ ၆ နာရီမှာ တခါ ထပ်ရောက်လာပြီး နယ်စပ်ခြံစည်းရိုးတိုင်တွေကို ထပ်ပြီး ဖျက်ဆီးနေတာတွေ့လို့ သတိပေး အော်ဟစ် ပြောဆိုပေမယ့် ထွက်မသွားဘဲ ပြန်လည် အော်ဟစ်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ခြံစည်းရိုးတိုင်တွေကို လွှနဲ့ ဆက်လက် ဖျက်ဆီးနေလို့ ရဲအရာရှိတဦးက အမ်အေ- ၁၁ နဲ့ ခြောက်လှန့် ပစ်ခတ်ခဲ့ရာ ၁ ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
ဒီနောက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ခြံစည်းရိုးကို သွားရောက် စစ်ဆေးခဲ့ရာမှာ တိုင် ၄ တိုင်ပျက်စီးသွားတာတွေ့ရပြီး ထပ်မဖြစ်အောင် စောင့်ကြည့်နေတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
မောင်တောမြို့နယ် တောင်ပြို(ယာ) ရဲကင်းစခန်းရဲ့ မြောက်ဖက် ကိုက် ၂၀၀ ခန့်အကွာ တောင်ပြို(ယာ) ချောင်းပေါက်ဝ အနီးရှိ မြန်မာဘက်ခြမ်းမှာ ရေတိုက်စားလို့ ပေ ၁၈၀ ခန့် ပျက်စီးသွားခဲ့ပြီး ခြံစည်းရိုးအစား ယာယီသစ်သားတိုင်၊ သံဆူးကြိုးတွေနဲ့ ယာယီ ပြန်လည် ကာရံ ထားရတယ်လို့ သိရပါတယ်။
Photo : MOI