ကလေးစစ်သားဟောင်း အောင်ကိုထွေးကို တရားရုံးပြောင်းစစ်ဆေးခွင့် အမိန့်ချမှတ်
DVB
·
June 27, 2018
ကလေးစစ်သားဟောင်း အောင်ကိုထွေးဟာ လက်ရှိစစ်ဆေးနေတဲ့ ဒဂုံဆိပ်ကမ်း တရားရုံးမှာ ဆက်လက်တရားစစ်ဆေးခြင်း မပြုလုပ်လိုတာကြောင့် တရားရုံးပြောင်းပေးဖို့ လျှောက်ထားမှုကို ဇွန်လ ၂၆ ရက်က ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားရုံးပြောင်းခွင့် အမိန့်ချမှတ်ခဲ့ပါတယ်။
ကလေးစစ်သားဟောင်း အောင်ကိုထွေးကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က စွဲဆိုခဲ့တဲ့ ပုဒ်မ ၅၀၅ (ခ)နဲ့ ပုဒ်မ ၂၂၈တို့နဲ့ ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ပြီး၊ ထပ်တိုးပုဒ်မနဲ့ ထပ်မံ တရားစွဲဆိုထားတာကြောင့် ဒဂုံဆိပ်ကမ်းတရားရုံးမှာ ဆက်လက်စစ်ဆေးပါက တရားမျှတမှု မရရှိမှာ စိုးရိမ်တဲ့အတွက် သူ့ရဲ့ ရှေ့နေက တရားရုံးပြောင်းရွှေ့ခွင့် လျှောက်ထားခဲ့တာပါ။
ကလေးစစ်သားဟောင်း အောင်ကိုထွေးဟာ RFA သတင်းဌာနကို သူကြုံတွေ့ခဲ့ရတဲ့ ကလေးစစ်သားအတွေ့အကြုံတွေကို ပြန်လည်ပြောပြခဲ့တာကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။
ဒဂုံဆိပ်ကမ်းတရားရုံးကနေ ပုဒ်မ ၅၀၅(ခ) နဲ့ စွဲချက်တင်နေရင်းပဲ တရားရုံးမှာ အစစ်မခံဘဲ ဆန္ဒထုတ်ဖော်တာကြောင့် တရားရုံး မထီမဲ့မြင်မှု နိုင်ငံတော်တံဆိပ်ခေါင်းဥပဒေ စတာတွေနဲ့ ထပ်တိုးတရားစွဲခံရတာပါ။
အောင်ကိုထွေးဟာ ပုဒ်မ ၂၂၈ အတွက် ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရသလို ပုဒ်မ ၅၀၅ (ခ) အတွက်ကို ထောင်ဒဏ် ၂နစ်ချမှတ်ခံခဲ့ရပါတယ်။
အခုလို အမှုတွေ ထပ်တိုးပြီး ပြစ်ဒဏ်တွေ ချမှတ်တဲ့အတွက် ဒဂုံဆိပ်ကမ်းတရားရုံးမှာ ထပ်မံစစ်ဆေးဖို့ မပြုလုပ်ဖို့နဲ့ ရုံးပြောင်းပေးဖို့ အောင်ကိုထွေးဘက်ကနေ လိုက်လံဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က အရှေ့ပိုင်းခရိုင်တရားရုံးကို လျှောက်ထားခဲ့ရာမှာ မနေ့က ရုံးပြောင်းဖို့ အမိန့်ချမှတ်ခဲ့တာပါ။
အောင်ကိုထွေးဟာ လက်ရှိမှာ နောက်တိုးပုဒ်မ နိုင်ငံတော်တံဆိပ်ခေါင်း ဥပဒေအတွက် ထပ်မံ တရားရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။