မိုးညှင်းတွင် ငွေကျပ် သိန်း ၂၅ဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးများနှင့်သေနတ်တလက် ဖမ်းမိ
DVB
·
June 23, 2018
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ ငွေကျပ် ၂,၅၉၂ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ တူမီးသေနတ်တလက် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
ဇွန် ၂၂ ရက်နေ့က ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မိုးညှင်းမြို့နယ်၊ နန့်မွန်းကျေးရွာရှိ ပွားမောင်ရဲ့ လယ်တောတဲကိုရှာဖွေရာ ပွားမောင်နဲ့ဇနီး မဒေါ်ခင်ဌေးတို့ကို မူးယစ်ဆေးတွေနဲ့အတူ ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။
တဲအတွင်းရှိ ဆာလာအိတ်အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် ၁၆၅ ခွက် (ဘိန်းဖြူ အလေးချိန် ၁ ဒသမ ၈၁၅ ကီလို)၊ တဲအနီးရှိ ကောက်ရိုးပုံအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၈,၀၀၀ ပြားနဲ့ တူမီးလုပ်သေနတ်တစ်လက်တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
သူတို့နှစ်ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။