ချမ်းအေးသာစံမြို့နယ်၌ တောရိုင်း တိရစ္ဆာန်ထွက် ပစ္စည်းများ ဖမ်းမိ
DVB
·
June 22, 2018
မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်မှာ ဇွန် ၂၁ ရက်နေ့က တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့ပါတယ်။
နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေနဲ့ အောင်မြေသာစံမြို့နယ်၊ သစ်တောဦးစီးအရာရှိ ဦးထွန်းထွန်းမင်းတို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာ အနောက်ရပ်ကွက်နေ သောင်းဟန်ဦး ရဲ့ နေအိမ်ကို ဝင်ရောက် ရှာဖွေရာမှ ဖမ်းဆီးမိခဲ့တာပါ။
အင်းကျားသားရေ ၃ ချပ်၊ အင်းကျားအရိုးစုနဲ့ ဆင်အရေခွံ အပိုင်းအစတွေ၊ တိရစ္ဆာန်ဦးခေါင်းခွံတွေ၊ တောဝက်စွယ်၊ သင်းခွေချပ်၊ ဆင်ခြေ/လက်သည်းတွေ၊ တိရစ္ဆာန်တွေရဲ့ ခြေ/လက်သည်းတွေ၊ တိရစ္ဆာန် ခါးဆစ်ရိုး၊ ဆင်စွယ်နဲ့ ဂျီချိုအပိုင်းအစတွေ၊ ကြံချိုလို့ထင်ရသော ချိုကြီး/အသေး ၂ ခု၊ ဆပ်ချို အောက်ခံသစ်သားပါ ၁ ခု၊ ပြောင်ဦးခေါင်းခွံ၊ ဖြူအစာအိမ် (အစို) ၁၃၂ ခု၊ ပြောင်ချိုအခွံချွတ်တွေ၊ လိပ်ကျောခွံ (ရေလိပ်) တွေ၊ ချိုမျိုးစုံအစိတ်အပိုင်းတွေ၊ သမင်ချို (ဦးခေါင်းခွံပါ) ၄၈ ခု၊ ဆပ်ချို (ဦးခေါင်းခွံပါ) ၂ အစရှိတဲ့ တိရစ္ဆာန်အစိတ်အပိုင်းတွေကို ဖမ်းဆီးရမိခဲ့တာပါ။
အမှတ်(၆) နယ်မြေရဲ့စခန်းက သောင်းဟန်ဦးကို ဇီဝမျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေး နယ်မြေကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၀(က)/၄၁(က) နဲ့ အမှုဖွင့် အရေးယူ ထားပါတယ်။