ကုမ္ပဏီနှင့် အသင်းအဖွဲ့အားလုံး အွန်လိုင်းစနစ်သစ်ဖြင့် ပြန်လည်မှတ်ပုံတင်ရမည်
DVB
·
June 22, 2018
မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ကုမ္ပဏီတွေ၊ အသင်းအဖွဲ့တွေနဲ့ အဖွဲ့အစည်းတွေအားလုံး သြဂုတ် ၁ ရက်က စပြီး ပြန်လည်မှတ်ပုံတင်ကြဖို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနက အသိပေး ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂၀၁၇ စတင်အာဏာတည်တဲ့ ၂၀၁၈ ခုနှစ် သြဂုတ် ၁ ရက်ကစပြီး ကုမ္ပဏီဆိုင်ရာ မှတ်ပုံတင်လုပ်ငန်းတွေကို အီလက်ထရောနစ် မှတ်ပုံတင်စနစ် Myanmar Companies Online (MyCo) စနစ်နဲ့ ဆောင်ရွက်သွားရမှာလို့ ဆိုပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ ၁၉၁၄ (သို့မဟုတ်) ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီ အက်ဥပဒေတို့နဲ့ မှတ်ပုံတင်ထားတဲ့ တည်ဆဲကုမ္ပဏီတွေ၊ အသင်းအဖွဲ့တွေ၊ အဖွဲ့အစည်းတွေအားလုံးဟာ ၂၀၁၈ ခုနှစ် သြဂုတ် ၁ ရက်က စပြီး ၂၀၁၉ ဇန်န၀ါရီ ၃၁ ရက်ထိ ၆ လတာ ကာလအတွင်း ကုမ္ပဏီမှတ်ပုံတင်စနစ်သစ် (MyCo) မှာ သတ်မှတ်ပုံစံ နည်းလမ်းတွေအတိုင်း ပြန်လည်မှတ်ပုံတင်ကြဖို့ နှိုးဆော်ထားပါတယ်။
ဒီလို ပြန်လည်မှတ်ပုံတင်ရာမှာ အခကြေးငွေတွေ ပေးသွင်းဖို့ မလိုဘူးလို့လည်း ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
မကြာသေးခင်ကမှ အသစ်ပြင်ဆင် ရေးဆွဲပြဋ္ဌာန်းထားတဲ့ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေသစ်ဟာ ၂၀၁၈ သြဂုတ်လ ၁ ရက်နေ့မှာ စတင်အာဏာတည်တဲ့အကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လက်မှတ်ရေးထိုးပြီး ဇွန်လ ၂၁ ရက် နေ့စွဲနဲ့ သမ္မတရုံးက အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားပါတယ်။