ရန်ကုန်တိုင်းအတွင်း မိုက်ကြေးခွဲနေသည့် လူမိုက်များကို ဖမ်းဆီးအရေးယူနေ
ပြည့်ဘုန်းအောင်
·
June 15, 2018
ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့မှာ ပြည်သူလူထုကို မိုက်ကြေးခွဲ ဆက်ကြေးတောင်း ကောက်ခံနေတဲ့ လူဆိုး လူမိုက်တွေကို စီမံချက်ချပြီး အရေးယူ ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက တိုင်းလွှတ်တော်မှာ ပြောပါတယ်။
“အုပ်စုဖွဲ့ပြီး လူမိုက်ဆန်ဆန် အနိုင်ကျင့်မှုတွေ မရှိစေဖို့အတွက် မြို့နယ်အသီးသီးမှာရှိတဲ့ လူဆိုး လူမိုက်တွေကို ဖမ်းဆီးဆောင်ရွက်လျက်ရှိပါတယ်။ အင်းစိန်၊ မင်္ဂလာဒုံ၊ လှည်းကူး၊ ရွှေပြည်သာ၊ လှိုင်သာယာစတဲ့ မြို့နယ်တွေမှာ မိုက်ကြေးခွဲပြီး ဆက်ကြေးတောင်း အနိုင်ကျင့် ဒုစရိုက်မှုတွေ ကျူးလွန်တဲ့အဖွဲ့တွေကို ဖမ်းဆီးတာတွေ သီရီမင်္ဂလာဈေးမှာ မိုက်ကြေးခွဲနေတဲ့ လူမိုက်တွေ၊ ရွှေပြည်သာမြို့နယ်မှာ အုပ်စုဖွဲ့ ဆိုးသွမ်းနေတဲ့ အဖွဲ့တွေ၊ လှိုင်သာယာမြို့နယ်မှာ အနိုင်ကျင့်နေတဲ့ လူဆိုး လူမိုက်တွေကို ကျနော်တို့အနေနဲ့ စီမံချက်တွေချ ဆောင်ရွက်နေပြီး အများပြည်သူ စိုးရိမ်ကြောင့်ကြမှုများ ကင်းဝေးစေရေးကို ဆောင်ရွက်နေပါတယ်”လို့ နယ်လုံဝန်ကြီးက ဆိုပါတယ်။
ဇွန်လ ၁၅ ရက် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ လွှတ်တော် အမတ်တဦးက “ပြည်သူအချင်းချင်း ဖြစ်ပွားနေတဲ့ ပြဿနာအရပ်ရပ်ကို ငွေကြေးရယူပြီး ဥပဒေနှင့်မညီဘဲ တရားမဝင် ဖြေရှင်းဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေကို မည်ကဲ့သို့ ထိန်းချုပ်အရေးယူ ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်းနဲ့ အုပ်စုဖွဲ့ပြီး လူမိုက်ဆန်ဆန် ပြဿနာများကို ဖြေရှင်းဆောင်ရွက်နေသော အဖွဲ့အစည်းတွေကို စီမံချက်တွေနဲ့ အရေးယူ ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ” မေးမြန်းခဲ့ရာမှာ ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာပါ။