နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မော်လမြိုင်တွင် ငြိမ်းချမ်းရေးစကားဝိုင်း ကျင်းပမည်
DVB
·
June 13, 2018
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မွန်ပြည်နယ် ဒေသခံလူထုရဲ့ ငြိမ်းချမ်းရေး စကားဝိုင်းကို မွန်ပြည်နယ် ၊ မော်လမြိုင်မြို့မှာ မနက်ဖြန် ဇွန်လ ၁၄ ရက်မှာ ကျင်းပဖို့ရှိနေပါတယ်။
မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမမှာ ကျင်းပမယ့် ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒေသခံ ၈ ဦးတို့က ပါဝင်ဆွေးနွေးကြမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမယ့်ဒေသခံတွေထဲမှာ ကျောင်းသားကျောင်းသူ၊ ကျောင်းဆရာ၊ လုပ်ငန်းရှင်တွေ၊ အန်ဂျီအိုဝန်ထမ်းနဲ့ အစိုးရ၀န်ထမ်းတွေ ပါဝင်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့က ဧရာဝတီတိုင်း မြောင်းမြမြို့မှာ ဒေသခံတွေနဲ့ ငြိမ်းချမ်းရေးစကားဝိုင်း ပြုလုပ်ခဲ့ပြီး အခု တကြိမ်ဟာ ၇ ကြိမ်မြောက် စကားဝိုင်းဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူငယ်၊ ကျေးလက်နေ ပြည်သူတွေ၊ တိုင်းရင်းသား လူမျိုးတွေနဲ့ နေပြည်တော်မှာ နှစ်ကြိမ်၊ ပင်လုံမြို့မှာ တကြိမ်၊ ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ရွာ မှာ တကြိမ်၊ ကယားပြည်နယ် လွိုင်ကော်မြို့မှာ တကြိမ်နဲ့ ဧရာဝတီတိုင်း မြောင်းမြမြို့မှာ တကြိမ် ပြုလုပ်ခဲ့ဖူးတယ်။