ပွင့်ဖြူမြို့နယ်တွင် မိုးဆက်တိုက်ရွာပြီး လူနေအိမ်များနှင့် လယ်ကွင်းများ ရေနစ်မြုပ်
DVB
·
June 11, 2018
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်မှာ မိုးဆက်တိုက် ရွာသွန်းနေတာကြောင့် ချောင်းဖြူချောင်း ရေကြီးပြီး သစ်ပုတီးကုန်းကျေးရွာထဲကို ရေတွေ ဝင်ရောက်နေပါတယ်။
အခုအခါမှာ ရွာထဲရှိ ရွာဦးဘုန်းတော်ကြီးကျောင်းနဲ့ အိမ်ခြေ ၄၀ လောက် ရေနစ်မြုပ်နေပြီး ရေတွေက ၄ ပေလောက်အထိ ရှိနေသလို လယ်ဧက ၁၀၀ ကျော် ရေနစ်မြုပ် ပျက်စီးနေပါတယ်။
ရေကြီးနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပွင့်ဖြူမြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌကိုယ်တိုင် သွားရောက်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို အကြောင်းကြားထားပေမယ့် သက်ဆိုင်ရာ တာဝန်ရှိသူတွေ အခုချိန်ထိ ရောက်မလာသေးဘူးလို့ ဆိုပါတယ်။
မိုးက မနေ့ကတည်းက အဆက်မပြတ်ရွာနေတာ အခုချိန်ထိရွာနေဆဲ ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ -သူရသက်တင်