ရှမ်းပြည်နယ်တွင် ငွေကျပ်သိန်း ၈၁၄၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
June 10, 2018
ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်၊ လားရှိုးမြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ်တို့မှာ ငွေကျပ်သိန်း ၈၁၄၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေ ဖမ်းဆီးမိခဲ့ပါတယ်။
ဇွန် ၈ ရက်နေ့ မနက် ၇ နာရီခွဲအချိန်က မူးယစ်တပ်ဖွဲ့စု (၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ အိုရီယမ်တယ်တိုးဂိတ်အနီးမှာ ဇော်ဂွန်ဂျာလီ မောင်းနှင်လာတဲ့ Hilux SURF ယာဉ်ကို ရှာဖွေရာမှ ဘိန်းဖြူ ဆပ်ပြာခွက် ၇၂ ခွက် (ဘိန်းဖြူအလေးချိန် ၇၉၂ ဂရမ်)၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၃၂,၀၀၀ ပြား၊ ငွေ ၄၀,၀၀၀ ကျပ်နဲ့ လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ပါတယ်။
ကွင်းဆက်အရ မနက် ၉ နာရီခွဲအချိန်မှာ ဇော်ဂွန်ဂျာလီရဲ့ ဦးလေးတော်စပ်သူ ဝေတောင် မောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ် ရှာဖွေရာ ငွေကျပ် ၁၄ သိန်းနဲ့ လက်ကိုင်ဖုန်း နှစ်လုံးတို့ကို သိမ်းဆည်းမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ည ၆ နာရီခွဲလောက်မှာလည်း တပ်မတော်၊ မူးယစ်တပ်ဖွဲ့စု ၂၂ မူဆယ်နဲ့ ကွတ်ခိုင်မြို့မရဲစခန်း တပ်ဖွဲ့ဝင်တွေက ကွတ်ခိုင်မြို့နယ်၊ ဟိုနမ့် ကျေးရွာနေ မာဆန်းရဲ့နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၀,၀၀၀ ပြားကို သိမ်းဆည်းမိခဲ့ပါတယ်။
မာဆန်း၊ ဇော်ဂွန်ဂျာလီနဲ့ ဝေတောင်တို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။