ကချင် တကျော့ပြန်စစ်ပွဲ ၇ နှစ်ပြည့် ယပ်တောင်ဝေငှသည့် ကမ်ပိန်းပြုလုပ်
DVB
·
June 9, 2018
ကချင်ဒေသမှာ တကျော့ပြန်စစ်ပွဲတွေဖြစ်တာ ၇ နစ်ပြည့်တဲ့ အထိမ်းအမှတ် လုပ်မယ့်အခမ်းအနားတွေကို သက်ဆိုင်ရာက လိုက်လံပိတ်ပင်တာတွေရှိနေမေပယ့် ရန်ကုန်ရောက် ကချင်လူငယ်တွေကတော့ ပြည်သူတွေကြားမှာ ယပ်တောင်ဝေငှတဲ့ ကမ်ပိန်းကို ပြုလုပ်ခဲ့ကြပါတယ်။
ဒီနေ့ ပြည်သူတွေကို ယပ်တောင်တွေ ဝေငှပါတယ်။ ဒီနေ့ဟာ ကချင်ဒေသတစ်ကျော့ပြန်စစ်ဖြစ်ခြင်း ၇ နှစ်ပြည့်ဖြစ်တာကို ပြည်သူတွေကို သိစေချင်တာပါ။ စစ်ပွဲတွေကို ညှိနှိုင်းဆွေးနွေးအဖြေရှာစေချင်တဲ့အတွက်လည်း အခုလို လုပ်ကြတာပါလို့ မအက်စတာကပြောပါတယ်။
ဒီနေ့မှာတော့ ရန်ကုန်ရောက်ကချင်လူငယ် ၁၈၀ လောက်က ယပ်တောင်ပေါင်း တစ်သောင်းနှစ်ထောင်ကျော်ကို လူစည်ကားရာအရပ်တွေမှာ ဝေငှခဲ့တာ ဖြစ်ပါတယ်။
ဇွန်လ ၉ ရက်နေ့ဟာ ကချင်ပြည်နယ်မှာ နစ်ဖက်လက်နက်ကိုင်တွေ တကျော့ပြန်စစ်ပွဲဖြစ်ပွားတာဟာ ၇ နစ်ပြည့်တာပဲဖြစ်ပါတယ်။
ဒီနေ့ အခမ်းအနားကို ပြုလုပ်တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာရော၊ ရန်ကုန်မှာပါ သက်ဆိုင်ရာက ပိတ်ပင်မူတွေရှိနေပါတယ်။
ကချင်ဒေသတစ်ကျော့ပြန်စစ်ဖြစ်ခြင်း ၇ နှစ်ပြည့်အနေနဲ့ ကချင်ပြည်နယ်နဲ့ ရန်ကုန်မြို့မှာ အောက်မေ့ပွဲတွေ ကျင်းပဖို့ စီစဉ်ထားပေမယ့် အာဏာပိုင်တွေက လာရောက်တားမြစ်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ရန်ကုန်မြို့အပါအဝင် အခြားနေရာတွေမှာ စစ်ပွဲတွေရပ်ဖို့နဲ့ ငြိမ်းချမ်းရေးရရှိဖို့ တောင်းဆို ဆန္ဒထုတ်ဖော်သူတွေကို ဖမ်းဆီးအရေးယူမှုတွေလည်း ရှိခဲ့ပါတယ်။