တရားဥပဒေစိုးမိုးရေးအတွက် ရဲဝံ့စွာဖော်ထုတ်ခဲ့သည့် ရဲဝန်ထမ်းများကို ဂုဏ်ပြု
DVB
·
June 9, 2018
ကျောက်ဆည်မြို့နယ်အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ဥပဒေမဲ့လုပ်ရပ်တွေအပေါ်မှာ တရားဥပဒေစိုးမိုးရေးအတွက် ရဲဝံ့စွာဖော်ထုတ်ခဲ့တဲ့ တာဝန်သိပြည်သူ့ ရဲဝန်ထမ်းတွေအား ဂုဏ်ပြုတဲ့အခမ်းအနားကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ မြို့နေလူထုတို့ ပူပေါင်းပြီး ရဲဝန်ထမ်းတွေကို ဇွန် ၉ ရက်နေ့ မနက် ၈ နာရီက ကျောက်ဆည်မြို့ ဝေဇယန္တာ ခန်းမမှာ အခမ်းအနားနဲ့ ဂုဏ်ပြုခဲ့တာပါ။
အဲဒီအခမ်းအနားမှာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်နဲ့အဖွဲ့တို့ တက်ရောက်ခဲ့ကြပြီး ဂုဏ်ပြုဆုတွေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်ညက ကျောက်ဆည်မြို့နယ်၊ ဖျောက်ဆိပ်ကုန်းရွာမှာ ဖမ်းဆီးမိတဲ့ သစ်တွေနဲ့အတူတရားခံကို အမှုဖွင့်ဖို့ စီစဉ်နေတုန်းမှာတရားခံ နှစ်ယောက်ကို လွှတ်ပေးလိုက်ပြီး ပိုင်ရှင်မဲ့အဖြစ် မမှန်မကန်အမှုဖွင့်ခဲ့တဲ့ တာဝန်ရှိစခန်းမှူးနဲ့ နယ်ထိန်းခေါင်းဆောင်တို့ကို အရေးယူပေးဖို့ ရဲတပ်သား ၅ ယောက်က ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားခဲ့တာပါ။