ပခုက္ကူမြို့နယ် ကန်တော်ဆည်ကျိုးပေါက်၊ အနီးနားရှိ ကျေးရွာများ စိုးရိမ်နေရ
DVB
·
June 7, 2018
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်မှာ ဇွန်လ ၆ ရက်က ကန်တော်ဆည်ကျိုးပေါက်တဲ့အတွက် ဆည်အောက်မှာ ရှိနေတဲ့ ကျေးရွာတွေက ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ကန်တော်ဆည်ရဲ့ ရေပိုရေလွှဲနေရာ ပေ ၃၀၀ ရှိတဲ့အနက် ပေ ၂၀၀ ခန့်က ကျိုးပေါက်ခဲ့တာဖြစ်ပြီး ဆည်ကျိုးပေါက်မှုကြောင့် လမ်းရေကျော်ကာ ယာဉ်အသွားလာတွေ အချိန်အနည်းငယ် စောင့်ဆိုင်းခဲ့ရပါတယ်။
ဒါ့ကြောင့် သက်ဆိုင်ရာဌာနတွေနဲ့ ကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်တွေက ကူညီ ကယ်ဆယ်ပေးနေပါတယ်။
ကန်တော်ရွာက ဦးမြင့်တင်က “မိုးကများတော့ ရေက မနိုင်တော့ဘူး။ ဆည်ဘောင်အုတ် ပဲ့ထွက်ကုန်တာ။ ဆည်ကကျိုးတော့ ရေစီးအားလည်း အရမ်းသန်တယ်။ မနက်ကတည်းက လမ်းပေါ်မှာ ၁ ပေလောက် ရေကျော်တယ်။ အားလုံး စောင့်ကြည့်နေကြရတယ်။ အထူးသဖြင့် ကျနော်တို့ဘေးနားရွာတွေက စိုးရိမ်ရတယ်။ ဌာနဆိုင်ရာတွေလည်း လာကြည့်နေတယ်" လို့ ပြောပါတယ်။
ကန်တော်ဆည်ဟာ ၁၉၇၆ ခုနှစ်က တကြိမ် ကျိုးပေါက်မှု ဖြစ်ပွားခဲ့ဖူးတယ်လို့လည်း သိရပါတယ်။
သတင်း - ရန်နိုင်စိုး