ကပ္ပလီပင်လယ်ပြင်၌ ငါးဖမ်းစက်လှေ ၁ စီး မီးလောင်နစ်မြှုပ်
DVB
·
June 6, 2018
မွန်ပြည်နယ် ရေးမြို့နယ် အနောက်ဘက် ကပ္ပလီပင်လယ်ပြင် ဝါးကျွန်းအနောက်ဘက် ပင်လယ်ပြင် ရေမိုင် ၇ မိုင်လောက်မှာ ငါးဖမ်းစက်လှေ ၁ စီး မီးလောင်ကျွမ်းခဲ့တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတဦးက ပြောပါတယ်။
“အဘော်ကျားတန်းရပ်နေ ရေလုပ်ငန်းရှင် ရန်နိုင် စက်လှေမှာ ငါးဖမ်းဖို့ ထွက်ခွာခဲ့တာ စက်ခန်းထဲက တရုတ်နိုင်ငံထုတ် အင်ဂျင်အမျိုးအစား (6D-22) မြင်းကောင်ရေ ၂၂၀ ကနေ မီးစတင်လောင်ကျွမ်းပြီး ရေလုပ်သားတွေ ရေထဲခုန်ချ ထွက်ပြေးခဲ့ရတယ်”လို့ ရဲအရာရှိတဦးက ပြောပါတယ်။
ငါးဖမ်းစက်လှေပေါ်ကနေ ရေထဲခုန်ချခဲ့တဲ့ ရေလုပ်သား ၃၆ ဦးကို ပင်လယ်ပြင်ထဲမှာပဲ တခြားငါးဖမ်းစက်လှေတစီးက ကယ်ဆယ်ပေးခဲ့ပါတယ်။ မီးလောင်ကျွမ်းတဲ့ ငါးဖမ်းလှေကတော့ ပင်လယ်ပြင်မှာ နစ်မြှုပ်ခဲ့တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။
စက်လှေဆုံးရှုံးမှုတန်ဖိုး ၇၁၉၅၀၀၀ ကျပ်လောက် မီးလောင်ဆုံးရှုံးပြီး စက်ဆရာ စက်တာဝန်ခံ ဇော်ဦးကို ဥပဒေအရ အရေးယူပေးဖို့ ဒုရဲအုပ် သီဟအောင်က တရားလိုပြု တိုင်တန်းခဲ့တာပါ။
ရေးမြို့မ ရဲစခန်းက စက်တာဝန်ခံ ဇော်ဦးကို ဇွန် ၆ ရက်နေ့ မနက် ၂ နာရီ ၁၅ မိနစ်က အမှုဖွင့် အရေးယူထားပြီး အသေးစိတ် စစ်ဆေးနေတယ်လို့ သိရပါတယ်။
သတင်း - နေမျိုးထွဋ်(ရေး)